ဗန်းမောက်မြို့နယ်အတွက် ကုန်စည်တွေကို ဟုမ္မလင်းမြို့နယ်မှ စျေးနှုန်းမြှင့်ဖြင့် ပြန်သယ်ယူနေရ

ဗန်းမောက်မြို့နယ်အတွက် ကုန်စည်တွေကို ဟုမ္မလင်းမြို့နယ်မှ စျေးနှုန်းမြှင့်ဖြင့် ပြန်သယ်ယူနေရ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်က လိုအပ်တဲ့ အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီတွေကို ဟုမ္မလင်းမြို့ကနေ စျေးနှုန်းကြီးမြင့်စွာနဲ့ ပြန်လည်သယ်ယူနေရတယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ်။

ဟုမ္မလင်းမြို့အတွက် ကုန်စည်တွေကို လေကြောင်းလိုင်းကနေ အဓိကသယ်ယူနေရပေမယ့် လေယာဉ်အချိန်မှန် မထွက်နိုင်တာကြောင့် ကုန်စျေးနှုန်းကြီးမြင့်နေတာ တစ်လနီးပါးရှိနေပြီလည်း ဖြစ်ပါတယ်။

“စားသောက်ကုန် အငတ်မခံနိုင်လို့ ဈေးကြီးပေးဝယ်နေရတယ်။ ဗန်းမောက်မြို့နယ်ကို ဖြတ်ပြီး စီးဆင်းသွားတဲ့ ကုန်စည်တွေကို ဟုမ္မလင်း၊ နမ့်တောမှာ ဈေးကြီးပေးပြီး ရေစုန်ကို လှေဆန်နဲ့ ပြန်သယ်နေရတဲ့ အနေအထားပါဗျာ” လို့ ဒေသခံ ကုန်သည်တစ်ဦးက ပြောပါတယ်။

ဗန်းမောက်မြို့အနောက်ဘက်ခြမ်းက ကုန်စည်တွေကို ဟုမ္မလင်းမြို့နယ်က မှီခိုခဲ့ရပြီး လက်ရှိအခြေအနေမှာတော့ ဟုမ္မလင်းမြို့ကနေ ပြန်လည်သယ်ယူနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းဒေသက ကုန်စည်စီးဆင်းမှုတွေက ဗန်းမောက်မြို့သိမ်းတိုက်ပွဲနဲ့ အင်းတော်-ဗန်းမောက်လမ်းပိုင်း မပိတ်ခင်က ကုန်စျေးနှုန်းအသင့်အတင့်သာရှိခဲ့ပေမယ့် လက်ရှိမှာ စျေးနှုန်း အဆမတန် မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ဗန်းမောက်မြို့သိမ်းပြီး တစ်လကျော်ကြာမြင့်တဲ့အထိ တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး NUG က လမ်းပိုင်းဆက်လက်ပိတ်ထားတာကြောင့် ကုန်စည်ပစ္စည်းတွေ တဖြည်းဖြည်းပြတ်လပ်လာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လာမယ့် သီတင်းပတ်တွေအတွင်းမှာ အခြေခံစားသောက်ကုန်စည်တချို့ ပြတ်လပ်နိုင်ခြေရှိနေပြီး ယခုထက် ပိုမိုစျေးမြင့် ပေးဝယ်ရနိုင်တယ်လို့ ထိုကုန်သည်က မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် ဗန်းမောက်မြို့နယ်ရဲ့ အနောက်ဘက်ခြမ်းဒေသတွေမှာ ဗန်းမောက်မြို့ပေါ်ကနေ စစ်ဘေး တိမ်းရှောင်လာသူ နှစ်ထောင်နီးပါး ရှိလာနေပြီး ကုန်စည်လိုအပ်ချက်တွေ မြင့်မားတယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့နယ်ရဲ့ ကုန်သွယ်ရေး လမ်းပိုင်းအားလုံးကို ပိတ်ထားမယ့်အကြောင်း NUG က စက်တင်ဘာ ၁၆ ရက်နေ့မှာ ကြေညာခဲ့ပြီး မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကတူးလူငယ်အဖွဲ့ချုပ် ထုတ်ပြန်ချက် နှင့် ကဒူးရိုးရာပွဲတော် မြင်ကွင်း / Credit
April 23, 2026
ကတူးတိုင်းရင်းသားမျိုးနွယ်စုများသည် လူမျိုးသုဉ်းပျောက်ကွယ်လာနေသည့် ကြီးမားသော စိန်ခေါ်မှုတွေနဲ့...
ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...
April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...