ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေမှုနှင့်အတူ တိုင်ဖွန်းမုန်တိုင်း “ ရာဂါဆာ “၏ အရှိန်ကြောင့် နောက်နှစ်ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် ခြောက်ခုတွင် မိုးများနိုင်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ မိုးဇလဌာနက အသိပေးသည်။
ယနေ့ (စက်တင်ဘာလ ၂၄ ရက်) မွန်းလွဲ ၁၂ နာရီအချိန် တိုင်းထွာချက်အရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပွားနေသည့် တိုင်ဖွန်းမုန်တိုင်း “ ရာဂါဆာ “ သည် နောက် ၂၄ နာရီအတွင်း တရုတ်နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းဒေသများကို ဖြတ်ကျော်နိုင်ကြောင်း မိုးဇလက ထုတ်ပြန်သည်။ ဘင်္ဂလားပင်လယ်အော်၌လည်း မုတ်သုံလေအားကောင်းနေကြောင်း ဆိုသည်။
မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းမှုများဆက်ရှိနိုင်ပြီး နောက် နှစ်ရက်အတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေနိုင်ကြောင်း ဖော်ပြသည်။
မြစ်ကြီးရေမှု သတိပေးချက်အနေဖြင့် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့ တွင် နောက် ၆ နာရီအတွင်း၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့၊ သံလွင်မြစ်ရေသည် ဘားအံမြို့တို့တွင် နောက် ၂၄ နာရီအတွင်းနှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် နောက် ၃၆ နာရီအတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်သို့ အသီးသီးရောက်ရှိနိုင်ကြောင်း မိုးဇလက ယနေ့ နံနက် ၇ နာရီအချိန်တွင် ထုတ်ပြန်ထားသည်။
မိုးရွာသွန်းမှုများ ဆက်ရှိနိုင်ခြင်းနှင့် မြစ်ရေမြင့်တက်နေမှုအခြေအနေများကြောင့် အဆိုပါ ဒေသများရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရေကြီးမှုအခြေအနေကို ကြိုတင်သတိပြုကြရန် မိုးဇလက အသိပေးထားသည်။
မြန်မာနိုင်ငံတဝှမ်းတွင် စက်တင်ဘာလ ၂၂ ရက်နေ့မှစ၍ မိုးရွာသွန်းမှုများရှိခဲ့ပြီး ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
“နေပြည်တော် ဖိုးဆောင်းတောင်ပေါ်ကနေကျလာတဲ့ရေတွေစီးဆင်းပြီး ပုဗ္ဗသီရီမြို့နယ်မှာ ရေကြီးတာ။ တပင်ရွှေထီးရပ်ကွက်နဲ့ န၀ဒေးရပ်ကွက်တွေမှာ ရေတော်တော်ဝင်တယ်။ ပျက်စီးဆုံးရှုံးတာတော့ မရှိဘူး။ လူဦးရေ ၂၀ ဝန်းကျင်ကို ကယ်ထုတ်ပြီးပြောင်းရွေ့ပေးခဲ့ပါတယ်” ဟု နေပြည်တော် သဗ္ဗသုခနာရေးကူညီမှုအသင်းတာဝန်ရှိသူက ပြောသည်။
ယမန်နေ့ ညပိုင်းက ရေကြီးခဲ့သည့် နေပြည်တော် ပုဗ္ဗသီရီမြို့နယ်တွင် ယနေ့နံနက်ပိုင်း ရေပြန်ကျနေပြီ ဖြစ်သော်လည်း အမှိုက်နှင့် နှုံးများ ကျန်ရှိခဲ့သည့်အတွက် ရှင်းလင်းမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အားအလွန်ကောင်းသည့် တိုင်ဖွန်းမုန်တိုင်းသည် ဆက်လက်ရွေ့လျားနေသော်လည်း မုန်တိုင်းလမ်းကြောင်းပြောင်းသွားသဖြင့် မြန်မာနိုင်ငံသို့ မုန်တိုင်းအကြွင်းအကျန်ဝင်ရောက်မှု လျော့နည်းသွားနိုင်ကြောင်း မိုးလေဝသဆိုင်ရာလေ့လာသူ ဦးဝင်းနိုင်က ဖော်ပြသည်။
“မုန်တိုင်းလမ်းကြောင်းမြောက်ဘက်ကိုတက်သွားသဖြင့် ကုန်းတွင်းကိုအဝင်စောပြီး ပင်လယ်ပြင်ကို ပြန်လည်ဆင်းသက်နိုင်ခြင်း မရှိတော့တာအပြင်၊ အနောက်တောင်မုတ်သုံလေအားကောင်းနေတာကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများသို့ မုန်တိုင်းအကြွင်းအကျန်များ ရွေ့လျား ဝင်ရောက်နိုင်မည့်အခြေအနေသည်လည်း လျော့နည်းသွားနိုင်ပါတယ်။” ဟု ဆိုသည်။
သို့သော် ရှမ်းပြည်နယ်တောင်ပိုင်း နှင့် မန္တလေးတိုင်းထိစပ်နေသည့် ဒေသများ၊ ပြင်ဦးလွင်နှင့် မန္တလေးမြို့ပေါ်နေရာများတွင် စက်တင်ဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် မိုးများနိုင်ကြောင်း ၎င်းက အသိပေးသည်။
ကမ္ဘာလုံးဆိုင်ရာ ရေဘေးအသိပညာပေးစနစ်နှင့် ကမ္ဘာလုံးဆိုင်ရာ ရေလွှမ်းမိုးမှု စောင့်ကြည့်ရေးစနစ် ၏ ဖော်ပြချက်အရ ဧရာ၀တီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် စက်တင်ဘာလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များ၌ ရေကြီးမှုဖြစ်နိုင်ကြောင်း သတိပေးထားပြီး စက်တင်ဘာ ၂၈ ရက်နောက်ပိုင်းတွင် သတိပေးချက် မရှိတော့သည်အထိ ပြန်လည်လျော့ကျသွားမည်ကို တွေ့ရကြောင်း ယနေ့ မွန်းလွဲပိုင်းတွင် ဦးဝင်းနိုင်က လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ထားသည်။
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံဒေသအများစု၌ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် မိုးလေဝသသတင်းများကို မျက်ခြေမပြတ်စောင့်ကြည့်ကြရန်နှင့် အကူအညီလိုအပ်ပါက နီးစပ်ရာ ကူညီကယ်ဆယ်ရေးအသင်းများထံ ချိတ်ဆက်အကူအညီတောင်းခံကြရန် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက တိုက်တွန်းထားသည်။
Published
Wednesday, September 24, 2025
ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် ၆ ခုတွင် မိုးများနိုင်၊ မြစ် ၄ မြစ် စိုးရိမ်ရေမှတ်အနီးရောက်နေ







