နောင်ပိန်ဂုတ်တွင်းလမ်းပိုင်းမှတဆင့် စစ်ကော်မရှင် တပ်အချိန်းအပြောင်းလုပ်၊ ရွာထဲ ပစ္စည်းဝင်ယူသူများကို ရိုက်နှက်

နောင်ပိန်ဂုတ်တွင်းလမ်းပိုင်းမှတဆင့် စစ်ကော်မရှင် တပ်အချိန်းအပြောင်းလုပ်၊ ရွာထဲ ပစ္စည်းဝင်ယူသူများကို ရိုက်နှက်

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းသို့ ဂုတ်တွင်းလမ်းပိုင်းမှတဆင့် စစ်ကော်မရှင် တပ်အချိန်းအပြောင်းပြုလုပ်နေပြီး နောင်ပိန်ရွာထဲ ပစ္စည်းဝင်ယူသည့် ရွာသားများကို ရိုက်နှက် မောင်းထုတ်နေကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည့် စစ်ကော်မရှင်တပ်သည် ပြန်လည်ပြင်ဆင်ထားသည့် ဂုတ်တွင်းတံတား

ဘက်မှတဆင့် တပ်အချိန်းအပြောင်း ပြုလုပ်နေပြီး နောင်ပိန်ရွာထဲတွင် ဗျူဟာမှူးကိုယ်တိုင် အထိုင်ချကာ စစ်ရေးအမိန့်ပေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နောင်ချိုဘက်ကနေ တပ်တွေ ချိန်းနေတာပဲ။ လွန်ခဲ့တဲ့ နှစ်ရက်က တပ်ဖွဲ့အသစ်တွေ ရောက်လာတာ ဘာအဖွဲ့လည်းတော့ တိတိကျကျ မသိရဘူး။ ဂုတ်တွင်းကနေ နောင်ပိန်ဘက်ကို ခြေလျင်တက်လာတာ၊ ဘေလီတံတားက ဟိုဘက်ဒီဘက် ကမ်းထိုးထားတော့ ကားမရသေးဘူး။ စကစတပ်က ဒရုန်းအရမ်းသုံးတယ်၊ ဒီမနက်လည်း လေယာဉ်နဲ့ လာပစ်သွားသေးတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် နောင်ပိန်ရွာထဲ တပ်စွဲထားသည့် စစ်ကော်မရှင်လက်အောက်ခံ တပ်မ-၁၁ သည် ပြည်ထောင်စု လမ်းမကြီးတလျှောက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေပြီး ကျောက်မဲမြို့နှင့် ၈ မိုင်ခန့်သာ ကွာဝေးသည့် ခိုက်တုန်ဟုန်းရွာဘက်သို့ မြေပြင်စစ်ကြောင်းထိုး နေခြင်းကြောင့် ဒေသခံများ ထပ်မံထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ နောက်ဆုံးပတ်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ပိန်ရွာထဲသို့ စစ်ဘေးရှောင်များကို ဝင်ခွင့်မပေးသေးဘဲ နေအိမ်တွင် ပစ္စည်းပြန်ယူသည့် စစ်ဘေးရှောင်များကို စစ်ကော်မရှင်တပ်သားများက ရိုက်နှက်ခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“စစ်တပ်က ကျောက်မဲ မရမချင်း ရွာက ထွက်မယ် မထင်ဘူး၊ ရတနာမှာ ဗျူဟာမှူး အ‌သေအချာကို အထိုင်ချနေတာ။ အိမ်တွေကို တံခါးအကုန်ဖွင့်ထားတယ်၊ ဆိုင်ကယ် ထိုင်ခုံ ရေခဲသေတ္တာ ဗမာစစ်သားတွေ အကုန်ယူတယ်။ အိမ်ထဲလည်း ဖွထားတာ အတွင်းပစ္စည်းတွေ ရသလောက် ယူနေကြတယ်။ နောင်ပိန်ထဲကိုလည်း လုံးဝပေးမပြန်ဘူး၊ အိမ်ပြန်ပြီး ပစ္စည်းယူတဲ့လူကို ဝိုင်းရိုက်လို့ ဖျားပြီး လိပ်ပြာခေါ်ပေးရတယ်”ဟု စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ကျောက်မဲမြို့နှင့် ၇ မိုင်ခန့်သာ ကွာဝေးသည့် စခန်းသာကျေးရွာတွင်လည်း တအာင်း(ပလောင်)တပ် TNLA က ရွာခံမှအပ အခြားဒေသမှ လာသူများအား ကျေးရွာအတွင်းသို့ ဝင်ခွင့်မပြုတော့ကြောင်း ကျောက်မဲမြို့ ဒေသခံများက ပြောသည်။

ဩဂုတ်လ (၁၉) ရက်တွင် စတင်ခဲ့သည့် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား နောင်ပိန်တိုက်ပွဲသည် သီတင်းသုံးပတ်ကျော် ကြာသည်အထိ ဆက်လက်ပြင်းထန်နေပြီး TNLA ဘက်မှ အပြင်းအထန် ခုခံတိုက်ခိုက်နေခြင်းကြောင့် စစ်ကော်မရှင်တပ်လည်း ရှေ့မတိုးနိုင်ဘဲ လက်နက်ကြီးနှင့် ဒရုန်းဖြင့်သာ ပစ်ကူပေးနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကော်မရှင်တပ်သည် စက်တင်ဘာလ ပထမပတ်အတွင်း TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်း လေကြောင်းဖြင့် ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောင်ပိန်တိုက်ပွဲအတွင်း အဆိပ်ငွေ့ဗုံးများပါ အသုံးပြုခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဩဂုတ်လ ၁၈ ရက်မှ ၃၀ ရက်အတွင်း ကျောက်မဲမြို့နယ်၌ စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် မြေပြင်မှ ထိခိုက်သေဆုံးစေနိုင်သော ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၂၉ ဦး သေဆုံးခဲ့ကာ ၆၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ၈၆၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF မှ ယနေ့ (စက်တင်ဘာလ ၉ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...