၂၀၂၅ ခုနှစ်ဝက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆၀၀ ကျော်ဖြစ်ပွား၊ ရွေးကောက်ပွဲကြောင့် စစ်အရှိန်ဆက်လက်ပြင်းထန်နိုင်ဟု BNI-MPM သုံးသပ်

၂၀၂၅ ခုနှစ်ဝက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆၀၀ ကျော်ဖြစ်ပွား၊ ရွေးကောက်ပွဲကြောင့် စစ်အရှိန်ဆက်လက်ပြင်းထန်နိုင်ဟု BNI-MPM သုံးသပ်
Photo - CJ
Photo - CJ

စစ်အုပ်စု အာဏာသိမ်းထားသည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဇူလိုင်လအထိ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ပေါင်း ၆၃၇ ခုအထိ စစ်အုပ်စုက လုပ်ဆောင်ခဲ့ပြီး ရွေးကောက်ပွဲနှင့် ဆက်စပ်၍ စစ်ရေးပဋိပက္ခအရှိန်အဟုန် ဆက်လက်ပြင်းထန်လာနိုင်ကြောင်း BNI-MPM က သုံးသပ်ထားသည်။

တိုင်းရင်းသားမီဒီယာ (၁၅) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာမြန်မာသတင်းကွန်ရက် BNI ၏ ငြိမ်းချမ်းရေးဖြစ်စဥ်စောင့်ကြည့်မှုအစီအစဉ် MPM က ယနေ့ (ဩဂုတ် ၂၆ ရက်) ဖြင့် အွန်လိုင်းမှ ပြုလုပ်သည့် "ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ရည်ညွှန်းအကိုးအကား ၂၀၂၄-၂၀၂၅" စာအုပ်မိတ်ဆက်ပွဲအတွင်း ဖော်ပြပြောဆိုသွားခြင်းဖြစ်သည်။

အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့ထိန်းချုပ်မှုအားကောင်းသည့် မြို့နယ် (၁၀၂) ခုတွင် လာမည့် ဒီဇင်ဘာလ (၂၈) ရက်နေ့ ရွေးကောက်ပွဲ အပိုင်း (၁) ကို စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ကြေညာထားသည်။

တဖက်တွင်လည်း ၂၀၂၅ ခုနှစ်၏ ပထမခြောက်လအတွင်း နှစ်ဖက်တိုက်ပွဲပေါင်း ၇၀၀ ကျော် ဖြစ်ပွားခဲ့သလို၊ လေကြောင်းတိုက်ခိုက်မှု ပေါင်း ၆၃၇ အထိ စစ်အုပ်စုက လုပ်ဆောင်ခဲ့ရာ ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် ပဋိပက္ခအရှိန် ဆက်ပြင်းထန်နိုင်သည်ဟု BNI-MPM က ဆိုသည်။

“ရွေးကောက်ပွဲ မလုပ်ခင်ကလည်း ပဋိပက္ခက ရှိနေတာပဲ။ ဒါပေမယ့် ရွေးကောက်ပွဲနီးတဲ့ကာလမှာ ပဋိပက္ခပို မြင့်လာတယ်ဆိုတာ သတိထားမိတယ်။ ဒါ့အပြင် စစ်အုပ်စုက သူ့ရွေးကောက်ပွဲနယ်မြေ ကျယ်ပြန့်ရေး နယ်မြေ ပြန်ရဖို့ လေကြောင်းအားသာချက်ကို အရှိန်မြင့် လုပ်ဆောင်ဖို့ တွေ့နေရတယ်။ စစ်အုပ်စုပြန်မသိမ်းနိုင်သေးတဲ့ မြို့တွေအတွက်တော့ လေကြောင်းရန်က အကြီးအကျယ်ကိုရှိနေတာပါ” ဟု BNI-MPM ၏ တာဝန်ခံ ကိုနှင်းကိုဦးက ပြောသည်။

BNI-MPM ၏ ၂၀၂၄-၂၀၂၅ ရည်ညွှန်းမှတ်တမ်းအရ ကရင်ပြည်နယ် အပါအဝင် ပြည်နယ်နှင့် တိုင်း (၉) ခုရှိ တိုင်းရင်းသား၊ တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် မြို့ပေါင်း ၉၄ မြို့အထိ ရှိနေသည်ဟု ဆိုသည်။ ၎င်းတွင် ကေအဲန်ယူ ထိန်းချုပ်သည့် ကရင်ရှိ ကျိုက်ဒုံ၊ လေးကေ့ကော်နှင့် ဖာပွန် တို့လည်း ပါဝင်ပြီး ရွေးကောက်ပွဲအပိုင်း (၁) လုပ်မည့် စာရင်းဝင် မြဝတီမြို့နယ်ကိုမူ စစ်အုပ်စု ထိန်းချုပ်ထားနိုင်သည့်နေရာအဖြစ် မှတ်တမ်းက ဖော်ပြသည်။

ထို့အပြင် စစ်အုပ်စုက ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ဟန့်တားနှောင့်ယှက်သူများကို သေဒဏ်အထိ ပေးနိုင်သည့် ဥပဒေတစ်ရပ်ကို ဇူလိုင်လ (၁၉) ရက်နေ့က ထုတ်ပြန်ထားသည်။ ထိုဥပဒေကြောင့် ရွေးကောက်ပွဲကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာနိုင်သည်ဟု BNI က ဆိုသည်။

BNI ၏ အုပ်ချုပ်မှုဒါရိုက်တာ မတင်တင်ညိုက “ရွေးကောက်ပွဲကာလမှာ အကြမ်းဖက်မှုမဖြစ်ဘူးလို့လည်း ပြောလို့မရပါဘူး။ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်တာမျိုးရှိလာရင် ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူသွားမယ် ဆိုတာမျိုးရှိနေတာကိုး။ လူကိုသတ်လို့ရတဲ့အထိ စစ်အုပ်စုက ဥပဒေထုတ်ထားတာ” ဟု ၎င်းက သုံးသပ်သည်။

BNI-MPM ၏ မှတ်တမ်းအရ ၂၀၂၄ ဧပြီမှ ၂၀၂၅ ဧပြီလအထိ တစ်နှစ်အတွင်း တိုင်းနှင့် ပြည်နယ် (၁၃) ခုတွင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ၁,၀၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူစုစုပေါင်း ၁,၃၃၀ ဦး သေဆုံးခဲ့သည်။ လက်ရှိအချိန်ထိလည်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု တိုးမြင့် လုပ်ဆောင်နေသောကြောင့် ၂၀၂၅ ခုနှစ်၏ အကြိမ်ရေသည် အာဏာသိမ်းကာစထက် ၈ ဆကျော် မြင့်တက်လာသည်ဟု ဖော်ပြသည်။

BNI-MPM သည် မြန်မာ့ငြိမ်းချမ်းရေး ဦးတည်ချက်၊ လားရာနှင့် အခြေအနေများကို လေ့လာစောင့်ကြည့်ခြင်းဖြင့် ၂၀၁၃ ခုနှစ်က စတင်၍ "ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရည်ညွှန်းအကိုးအကား" စာအုပ်များကို ထုတ်ဝေလာခဲ့ရာ ယခုအပါအဝင် စာအုပ် (၁၀) အုပ်အထိ ထုတ်ဝေခဲ့ပြီးဖြစ်သည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...