ရခိုင်ပြည်ရှိ အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် ကမ်းရိုးတန်းအနီးရှိ မြို့အချို့ကို အကြမ်းဖက်စစ်တပ်က ရေကြောင်းပိတ်ဆို့ရေးများပြုလုပ်လာနေကြောင်း သတင်းရရှိသည်။
ရခိုင်ကမ်းရိုးတန်းအနီးမြို့များအနက် စစ်တွေ၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့များအနီးတွင် ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်က ရေကြောင်းပိတ်ဆို့ရေးများ ပြုလုပ်လာနေခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင်လည်း စစ်တွေပင်လယ်ပြင်သို့ အကြမ်းဖက်စစ်တပ်၏ နေဗီများသည် ပုဏ္ဏားကျွန်းမြစ်၊ ပေါက်တောမြို့နယ်ရှိ အရှေ့ဖရုံကာ၊ အလယ်ဖရုံကာနှင့် အနောက်ဖရုံကာစသည့် ဖရုံကာကျွန်းသုံးကျွန်းစလုံး၏ အနီးတို့တွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်နေပြီး ရေကြောင်း ပိတ်ဆို့မှုများပြုလုပ်နေသည်ဟု စစ်တွေ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးကို နိရဉ္စရာကို ပြောသည်။
“အရင်တုန်းက ဒီနေဗီတွေက အသွားအလာလောက်ပဲရှိပါ။ နေဗီတွေလည်း အဲဒီလောက်မများဘူး။ စစ်တွေ-ကျောက်ဖြူပင်လယ်ပြင် တစ်လျှောက်ပေါ့။ အခုက ပင်လယ်ပြင် ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ပေါက်တောဖက် ပတ်ပတ်လည်မှာ နေဗီတွေနဲ့ ရေကြောင်းကိုပိတ်ဆို့ထားတယ်။ အဲဒီမြို့တွေက AA သိမ်းထားတဲ့မြို့တွေ” ဟု ပြောသည်။
စစ်တွေပင်လယ်ပြင်တွင် နေဗီများရောက်ရှိနေခြင်းမှာ ရခိုင်ကမ်းရိုးတန်းဒေသများကို အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်မည့် လျှို့ဝှက်သတင်းများ ပေါက်ကြားလာသည့်အတွက် စတင်အကောင်အထည်ဖော်လာခြင်း ဖြစ်နိုင်သည်ဟု စစ်ရေးသိရှိသူအမျိုးသားတစ်ဦးက နိရဉ္စရာကို သုံးသပ်ပြောဆိုထားသည်။
“လျှို့ဝှက်သတင်းတွေ ပေါက်ကြားသွားလို့ အကောင်အထည် ဖော်လာတယ်လို့ ထင်တယ်။ AA သိမ်းထားတဲ့ ကမ်းရိုးတန်းဒေသတွေကို ပြန်လည်ထိုးစစ်ဆင်ဖို့ စစ်ရေးစတင်လှုပ်ရှားနေတာ။ ဒါကြောင့် အရင်ဆုံး ပြည်သူတွေအခက်တွေ့အောင် ရေကြောင်း ပိတ်ဆို့ရေးတွေလုပ်နေတာလို့ ထင်တယ်” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်တွေမြို့ အနီးပင်လယ်ပြင်၌ အကြမ်းဖက် မြန်မာစစ်တပ်၏ စစ်နေဗီအစီးရေ ၁၀ ကျော်ရောက်ရှိနေသည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် စစ်တွေ ဒေသခံများက နိရဉ္စရာကို အတည်ပြု ပြောဆိုထားသည်။
ယင်းအပြင် စစ်ရေးစစ်ငွေ့သန်းလာသည့် စစ်တွေမြို့အား AA က ထိုးစစ်ဆင်တိုက်ခိုက်လာလျှင် ရေကြောင်းမှ စစ်ကူပေးရန်အတွက်လည်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
အကြမ်းဖက်စစ်တပ်က ယခုကဲ့သို့ ရေကြောင်းပိတ်ဆို့မှုများပြုလုပ်နေသည့်အတွက် ကျန်းမာရေးနှင့် စားဝတ်နေရေးမှာ ယခင်ကထက်ကျပ်တည်းပြီး အခက်ခဲ ရောက်လာနိုင်သည်ဟု ပေါက်တောဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
“ကျန်းမာရေးအတွက် စက်လှေတွေနဲ့သွားလာရတာမျိုးရှိတယ်။ ငါးဖမ်းထွက်ရတယ်။ နေဗီတွေကနေ အရင်က မကြာမကြာ ငါးဖမ်းဘုတ်တွေ၊ စက်လှေတွေကို သေနတ်နဲ့ပစ်တာတွေ။ ငါးဖမ်းသမားတွေကို ဖမ်းတာတွေလုပ်တယ်။ အခု ဒီအခုအသစ်ရောက်တဲ့ နေဗီတွေကြောင့် ဖရုံကာကျွန်း သုံးကျွန်းက ဒေသခံတွေ တော်တော်ဒုက္ခရောက်နိုင်တယ်” ဟု ပြောသည်။
ရခိုင်ပြည်အတွင်း AA ထိန်းချုပ်ထားသည့်မြို့များအထဲမှ ပင်လယ်ကမ်းရိုးတန်းနှင့်နီးသည့် မြို့များကို ပြန်လည်ထိုးစစ်ဆင်ရန် အကြမ်းဖက်စစ်တပ်က လျှို့ဝှက်စီစဉ်နေသည်ဟု ဇူလိုင်လအတွင်းမှစတင်ကာ သတင်းများ ထွက်ပေါ်ခဲ့သည်။
ယင်းသို့ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကူအင်အားများကို ရေကြောင်းမှတဆင့်လျှို့ဝှက်ဖြည့်တင်းခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက နိရဉ္စရာကို ပြောသည်။
အကြမ်းဖက်စစ်တပ်က ပြန်လည်ထိုးစစ်ဆင်ရန် ယခုအင်အားဖြည့်နေသည့်အထဲတွင် AA ၏ မြို့သိမ်းတိုက်ပွဲ ကာလအတွင်း နောက်ဆုတ်ထွက်ပြေးသွားသည့် အကြမ်းဖက် စစ်တပ်မှ တပ်သားများအပါအဝင် တပ်သားသစ်များကို စုပေါင်းကာ တပ်ရင်းအလိုက်၊ နေရာဒေသလိုက် တာဝန်ခွဲပေးထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အင်အားဖြည့်တင်းထားရာတွင် တိုက်ခိုက်ရေးအတွက် အဓိက ဒရုန်းအဖွဲ့၊ လက်နက်ကြီးပစ်ခတ်ရေးအဖွဲ့ များလည်း သီးသန့်ပါဝင်ကြောင်းလည်း ဆိုသည်။
ရခိုင်ကမ်းရိုးတန်းရှိမြို့များဖြစ်သော ပေါက်တော၊ မြေပုံ၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် အခြား တောင်ကုတ်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် အမ်း စသည့် မြို့နယ်ပေါင်း ၁၄ ခုနှင့် ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်တို့ကို AA က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားသည့်အပြင် တပ်အင်အားအများအပြားကိုလည်း ဖြန့်ကြက်ချထားသည်ဟု သိရသည်။
အဆိုပါမြို့နယ်ပေါင်း ၁၄ ခုအနက် ရခိုင်ကမ်းရိုးတန်းဒေသမြို့များကို ပြန်လည်ထိုးစစ်ဆင်ရန် အကြမ်းဖက် စစ်တပ်က လျှို့ဝှက်စီစဉ်နေသော်လည်း သာမန်အင်အားဖြင့် ရခိုင်ကို ထိုးစစ်ဆင်ရန် မလွယ်ကူနိုင်ကြောင်း၊ မည်သို့ပင်ဖြစ်စေ AA က စစ်ရေးသတိ အမြဲရှိရန်လိုအပ်ကြောင်း ရခိုင့်နိုင်ငံရေးနှင့်စစ်ရေးလေ့လာသူ အမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လအစပိုင်းမှစ၍ စစ်တွေအခြေစိုက် အကြမ်းဖက်စစ်တပ်၏ တပ်ရင်းများက AA ထိန်းချုပ်ထားသည့် ပေါက်တော၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များဘက်သို့ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်မှု ခပ်စိပ်စိပ်ပြုလုပ်လျက်ရှိသဖြင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း သိရသည်။
Photo - Cincds







