စစ်တွေမြို့ခံများကို စစ်ကောင်စီက ဖမ်းဆီးမှု ဆက်တိုက်လုပ်နေ

စစ်တွေမြို့ခံများကို စစ်ကောင်စီက ဖမ်းဆီးမှု ဆက်တိုက်လုပ်နေ

စစ်ကောင်စီထိန်းချုပ်ထားဆဲ ရခိုင်ပြည်၏ မြို့တော် စစ်တွေမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများ ဆက်တိုက်လုပ်နေကြောင်း သတင်းရရှိသည်။

ဩဂုတ်လ ပထမပတ်မှ စတင်ကာ စစ်တွေမြို့တွင်းရှိ ရပ်ကွက်တိုင်းကို နေ့ညအချိန်မရွေး ဧည့်စာရင်းစစ်ခြင်း၊ နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ လုပ်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“အခုက အဖမ်းအဆီးတွေ များတယ်။ အိမ်က ဝင်ပြီးဖမ်းတယ်။ နေ့ခင်းရော၊ ညပါ ဧည့်စာရင်း နေ့တိုင်း လာစစ်တယ်။ လမ်းသွားလမ်းလာကို စစ်တာမျိုးမဟုတ်ဘဲ အိမ်ကို တိုက်ရိုက်ဝင်စစ်တာ။ အကြောင်းပြချက်မရှိ စစ်တယ်။ မသင်္ကာရင် ဖမ်းခေါ်သွားတယ်” ဟု အသက် ၃၀ ကျော်အရွယ် စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဩဂုတ်လ ပထမပတ်အတွင်း စစ်တွေမြို့ရှိ မင်းဂံ၊ ရွာကြီးမြောက်၊ စက်ရုံစု၊ ရွှေပြား စသည့် ရပ်ကွက်များမှ ဒေသခံ ၃၀ ဝန်းကျင်ကို စစ်ကောင်စီ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် စက်ရုံစုနှင့် ရွာကြီးမြောက်ရပ်ကွက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဧည့်စာရင်းဝင်စစ်ပြီးနောက် စက်ရုံစုရပ်ကွက်မှ ဒေသခံ ၃ ဦးအပါအဝင်၊ ရွာကြီးမြောက်ရပ်ကွက်မှ ဒေသခံ ၁၃ ဦးထက်မနည်းကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

စက်ရုံစုရပ်ကွက်မှ ဖမ်းဆီးခံရသူ ၃ ဦးမှာ အသက် ၂၄ နှစ်အရွယ် ကိုအောင်ကျော်ဌေး၊ အသက် ၃၆ နှစ်အရွယ် ဒေါ်မဦးခင်နှင့် အသက် ၂၃ နှစ်အရွယ် ကိုဝင်းမင်းဇော်တို့မှာ ဩဂုတ် ၃ ရက်က ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

အခြား ဖမ်းဆီးခံရသူများထဲတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသား၊ အမျိုးသမီးများ ပါဝင်ကြောင်း သိရပြီး အသေးစိတ်အချက်လက်များကို DMG က စုံစမ်းနေဆဲဖြစ်သည်။

ယင်းအပြင် ယခုရက်ပိုင်းအတွင်း မြို့တွင်း၌ စစ်ကားများဖြင့် လှည့်လည်ကာ အင်အားပြခြင်းကိုလည်း ပုံမှန်ထက် ပို၍လုပ်လာနေသောကြောင့် ဒေသခံများမှာ စိုးရိမ်မှုများ ရှိနေကြသည်။

“စစ်တွေ လေယာဉ်ကွင်းကနေ ဂျက်လေယာဉ်တွေလည်း နေ့တိုင်းပျံတက်တယ်။ ဘယ်ကို သွားတာလဲတော့ မသိဘူး။ စစ်တွေကနေ ပုဏ္ဏားကျွန်းဘက်ကို လက်နက်ကြီးနဲ့ နေ့တိုင်းလှမ်းပစ်တယ်။ ပြီးတော့ ဧည့်စာရင်း စစ်တာတွေ၊ လူဖမ်းတာတွေလည်း လုပ်နေတော့ လူတွေက တိုးတိုးတိတ်တိတ် နေကြပေမဲ့ ဘာဖြစ်လာမလဲ စိုးရိမ်နေကြတယ်” ဟု နောက်ထပ် စစ်တွေမြို့ခံ တစ်ဦးက ပြောသည်။

စစ်တွေတွင် ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းနှင့် ၂၀၂၄ နှစ်ဆန်းပိုင်းက စပြီး မြို့ခံအများမှာ AA ထိန်းချုပ်ရာ နယ်မြေနှင့် ရန်ကုန်ဖက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

သို့သော်လည်း စစ်ဘေးရှောင်များ၊ လက်လုပ်စားများမှာ ပိတ်မိနေကြပြီး ၎င်းတို့မှာ အလုပ်အကိုင်ရှားပါးမှုကြောင့် စားဝတ်နေရေး ကျပ်တည်းမှုကို ဆိုးရွားစွာ ကြုံတွေ့နေရသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီအနေဖြင့် အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့နယ်စပ်တို့တွင် လက်နက်အင်အား၊ လူအင်အား ဖြည့်တင်းလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များ ပြောပြချက်အရ သိရသည်။

“စစ်တွေရဲ့ အခြေနေကတော့ အခုချက်ချင်း ပေါက်ကွဲတော့ မလိုဖြစ်နေတဲ့ ဗုံးတစ်လုံးလိုပေါ့။ စစ်ရိပ်သန်းလာတယ်လို့ ပြောရမယ်။ စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်တာတွေ ရှိနေတယ်။ ပြီးတော့ နှစ်ဘက်အပြန်အလှန် လက်နက်ကြီး ပစ်ခတ်တာတွေလည်း ရှိနေတယ်။ ဒီရက်ပိုင်း ထောက်လှမ်းရေး ဒရုန်းတွေလည်း ပုဏ္ဏားကျွန်းဘက်ကို နေ့စဉ် လွှတ်နေတယ်" ဟု အမည်မဖော်လိုသည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက DMG သို့ ပြောသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား စစ်တွေမြို့နယ်တွင် လက်နက်ကြီး အပြန်အလှန်ပစ်ခတ်ခြင်း ရပ်တန့် နေသည်မှာ အတန်ကြာမြင့်ခဲ့ပြီးနောက် ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်ကာ လက်နက်ကြီးစတင် ပစ်ခတ်လာနေကြခြင်း ဖြစ်သည်။

သို့သော်လည်း စစ်တွေမြို့နယ်အတွင်း နှစ်ဘက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခြင်း မရှိသေးပေ။

လက်ရှိတွင် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် သုံးမြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး ရခိုင်က ကျန်မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားသည်။

Most read this week

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...