နမ္မတီးမြို့အတွင်းက စစ်ရှောင်စခန်းသုံးခုမှာ မိုးရေဝပ်လေ့ရှိတာကြောင့် သဲကျောက်ခင်းဖို့ အကူအညီလိုအပ်

နမ္မတီးမြို့အတွင်းက စစ်ရှောင်စခန်းသုံးခုမှာ မိုးရေဝပ်လေ့ရှိတာကြောင့် သဲကျောက်ခင်းဖို့ အကူအညီလိုအပ်

လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ နမ္မတီးမြို့အတွင်းက စစ်ရှောင်စခန်းသုံးခုမှာ မိုးရေကြီးတဲ့အခါတိုင်း စခန်းတွင်းရေဝပ်လေ့ရှိတာကြောင့် သဲကျောက်ခင်းဖို့ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။ ‘

နမ္မတီးမြို့အတွင်းက စစ်ရှောင်စခန်း ၆ ခုရှိတဲ့အထဲ နမ္မတီးသကြားစက်ရုံဝင်း၊ ကံလှနဲ့ ဝါအောင် စစ်ရှောင်စခန်းတွေဟာ မြေနိမ့်ပိုင်းတွေ ဖြစ်တဲ့အတွက် မိုးသည်းသည်းထန်ထန် ရွာတဲ့အချိန်တိုင်း ရေဝင်ရောက်မှုတွေ ရှိနေတာပါ။ ရေဝင်ရောက်နောက်ပိုင်းလည်း ချက်ချင်းပြန်မကျဘဲ ရေဝပ်ပြီးကျန်နေခဲ့တာလို့ ဆိုပါတယ်။

စစ်ရှောင်စခန်းအတွင်း အခုလို ရေဝပ်လေ့ရှိတာကြောင့် သဲကျောက်ခင်းဖို့အတွက် အကူအညီတွေ လိုအပ်နေတာလို့ စစ်ရှောင်ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“အခုလို မိုးရာသီမှာ စစ်ရှောင်ခိုလှုံနေတဲ့ နေရာမှာ ရေဝင်ပြီး ရွှံ့တွေဖြစ်ပြီး ခက်ခဲနေတဲ့အချိန် အရေးကြီးတာက ဒီမှာ အခင်းတွေရဖို့ သဲကျောက်လိုမျိုး ခင်းနိုင်ဖို့ ငွေရေးကြေးရေးတွေ လိုတယ်။ တစ်ခြားနေရာကို ပြောင်းရွှေ့ဖို့ကလည်း မဖြစ်နိုင်ဘူး။ အချိန်ပြည့် ရေဝင်နေတာမျိုးတော့ မဟုတ်ပေမဲ့ မိုးကြီးတဲ့အခါ ရေဝပ်တာ။” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ရှောင်စခန်းတွေဘက် အရင်ကလို လာရောက်ကူညီသူတွေ နည်းပါးသွားတဲ့အတွက် အစားအသောက်တွေအပြင် နာမကျန်းဖြစ်နေတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ဆေးဝါးထောက်ပံ့ တွေလည်း လိုအပ်လျက်ရှိနေတယ်လို့လည်း ပြောပါတယ်။

ရေဝပ်လေ့ရှိတဲ့ အထက်ပါ စစ်ရှောင်စခန်း သုံးခုမှာ စစ်ရှောင်ပြည်သူ တစ်ထောင်ကျော် ခိုလှုံနေတယ်လို့ သိရှိရပါတယ်။

ဖေဖော်ဝါရီလလောက်ကနေစပြီး ဟူးကောင်းဒေသ လီဒိုလမ်းတစ်လျှောက် နေရာအချို့မှာ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ ကြား စစ်ရေးအခြေအနေတင်းမာလာတာကြောင့် ကျေးရွာတချို့က ဒေသခံပြည်သူထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကျေးရွာအသီးသီးက စစ်ဘေးရှောင်ပြည်သူတွေရဲ့ လူဦးရေစာရင်း မရရှိသေးပေမဲ့ နမ္မတီးမြို့ဘက် ပြောင်းရွှေ့စစ်ရှောင်နေတဲ့ စစ်ဘေးရှောင်အိမ်ခြေနဲ့ လူဦးရေစာရင်းဟာ ခန့်မှန်းအိမ်ခြေပေါင်း ၁,၃၀၀ ဝန်းကျင်ရှိပြီး လူဦးရေအားဖြင့် ၃,၀၀၀ လောက် ရှိနေတယ်လို့ ဆိုပါတယ်။

ခန့်မှန်းမရတဲ့ စစ်ရေးအခြေအနေတွေကြောင့် လီဒိုလမ်းပိုင်းတစ်လျှောက်က ဒွမ်ဘုံးခ၊ လဝါး၊ ခွမ်စိုင်ယန်၊ လဂေါင်တောင်၊ ဝါရာဇွပ်၊ ရှဒူးဇွပ်-စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ နေရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေလည်း အများအပြား လိုအပ်နေပါတယ်။

Photo Credit-Lawa Parish Youth

Most read this week

February 12, 2026
အမေရိကန်အောက်လွှတ်တော်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စစ်ကော်မရှင်ကို အရေးယူမယ့် BRAVE Burma Act...
ဓါတ်ပုံ- KIA ပူးပေါင်းတပ်ဖွဲ့များ ဗန်းမော်လေဆိပ်ကို သိမ်းပိုက်ခဲ့စဉ်။
February 11, 2026
ဗန်းမော်တိုက်ပွဲဟာ အရင်းအနှီးများပြီး အချိန်ကြာမယ်ဆိုတာ သိပေမဲ့ လိုအပ်လို့တိုက်တဲ့...
February 10, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁) နယ်မြေဘက်...
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။
February 9, 2026
နေပြည်တော်အစိုးရကို NUG နဲ့ စကားပြောချင်တဲ့ ဆန္ဒရှိသလားလို့ မေးမြန်းထားတဲ့အပြင် တစ်ဖွဲ့ချင်းနဲ့...