ဗန်းမော်မြို့ကိုစစ်သင်္ဘောတွေရောက်ရှိနိုင်ဖို့ စစ်တပ်ရဲ့ပစ်ခတ်မှုတွေအကြား အရပ်သား ၃၁ ဦးသေဆုံးခဲ့

ဗန်းမော်မြို့ကိုစစ်သင်္ဘောတွေရောက်ရှိနိုင်ဖို့ စစ်တပ်ရဲ့ပစ်ခတ်မှုတွေအကြား အရပ်သား ၃၁ ဦးသေဆုံးခဲ့

မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဗန်းမော်မြို့အထိစစ်သင်္ဘောတွေဆန်တက်နိုင်ဖို့အရေး စစ်ကောင်စီက ရေလမ်းကြောင်းရှင်း ပစ်ခတ်မှုတွေကြောင့် အရပ်သား ၃၁ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ မြစ်ကြောင်းအခြေနေ စောင့်ကြည့်တဲ့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ–ကချင်ပြည်နယ် ဗန်းမော်မြို့အထိ မြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့တွေဆီ ရိက္ခာ၊ ဆေးဝါး၊ လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကို စစ်သင်္ဘောအစီး ၂၀ ကျော်နဲ့ နှစ်သုတ်ခွဲပြီး တင်ပို့ခဲ့ပါတယ်။

အဲ့ဒီစစ်သင်္ဘောတွေဆန်တက်လာတဲ့နေ့ကစလို့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေကို လေကြောင်း အသုံးပြုတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေလုပ်ခဲ့ပြီး စုစုပေါင်းအရပ်သား ၃၁ ဦးအထိ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

“အရပ်သားသေဆုံးမှုတွေကလည်း နှစ်စဉ် သူတို့ သင်္ဘောတက်လာတိုင်း ဒီဖြစ်စဉ်တွေက ဖြစ်နေတာပဲ။ နောက်ဆုံး သူတို့က ပြည်သူကို လုံးဝမငှဲ့ပါဘူး။ သူတို့က အကုန်ချနင်းမှာပဲ။ သူတို့ အာဏာတည်မြဲရေးအတွက် သူတို့ မြို့ရွာတွေ လက်မလွှတ်ရရေးအတွက်ကို သူတို့က လုပ်နေမှာပဲ။ ဒါက သူတို့ လုပ်နေကျ ထုံးစံပါပဲ”

လို့ စစ်ကောင်စီက စစ်သင်္ဘောတွေတက်လာတိုင်း အခုလို အရပ်သားတွေ သေဆုံးလေ့ရှိကြောင်း ကသာမြို့က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြပါတယ်။

သေဆုံးခဲ့ရတဲ့တဲ့ အရပ်သား ၃၁ ဦးထဲမှာ ဝက်လက်မြို့နယ်က အရပ်သား ၂၁ ဦး၊ ကသာမြို့နယ်က အရပ်သား ၂ ဦး၊ ရွှေကူမြို့နယ်က အရပ်သား၇ ဦးနဲ့ ဗန်းမော်မြို့နယ်က အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး အသက် ၉ နှစ်အရွယ်ကနေ အသက် ၇၀ ကျော်အရွယ်တွေအထိ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်ဖက်မှာ စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေအကြား မြစ်ကမ်းဘေးတစ်လျှောက်မှာရှိတဲ့ နေအိမ်တွေအပါအဝင် ဘာသာရေး အဆောက်အဦးတွေလည်း ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကလုံရွာကတော့တော်တော်လေးထိသွားတယ်။ အိမ်တွေထိတာပေါ့လေ။ တစ်အားကိုပစ်တာ။ နေအိမ်တွေရော၊ ကျွဲက ၅ ကောင်၊ အိမ်တွေကတော့များတယ်ဗျာ”လို့ ကသာမြို့ဒေသခံတစ်ယောက်ကပြောပြပါတယ်။

ကသာမြို့နယ် မိုးတားလေးတိုက်နယ်ကကျေးရွာတစ်ခုမှာတော့ စေတီပုထိုးတွေအပါအဝင် အဆောက်အဦးများ ပျက်ဆီးခဲ့ရပြီး စစ်ကောင်စီက စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သလို

Y 12 အမျိုးအစား ရဟတ်ယာဉ်တွေအပါအဝင်၊ ဂျက်ဖိုက်တာတွေ အဓိက အသုံးပြု ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေကတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ကပဲ ဗန်းမော်မြို့ကိုရောက်ရှိလာခဲ့ပြီး ဗန်းမော်မြို့အပါအဝင် ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်က ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့တွေမှာပါ လက်နက်ရိက္ခာနဲ့ လူအင်အားတချို့ ဖြည့်တင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေ ရောက်ရှိပြီးတဲ့နောက် မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာ နှစ်ဖက်တပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း စစ်ရေးပြင်းထန်လာတာနဲ့အမျှ ကုန်ကြောင်း၊ လေကြောင်းတင်မက ရေကြောင်းကနေပါ စစ်ရေးအတွက် အသုံးပြုလာတာဖြစ်ပြီး နှစ်စဉ် ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လေ့ရှိတာ ဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...