မိုးဗြဲရေကာတာ ရေဖောက်ချမှုကြောင့် လယ်ဧက ရာနှင့်ချီ ရေနစ်မြှုပ်

မိုးဗြဲရေကာတာ ရေဖောက်ချမှုကြောင့် လယ်ဧက ရာနှင့်ချီ ရေနစ်မြှုပ်

သျှမ်းပြည် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (ခမရ-၄၂၂)သည် မိုးဗြဲ ရေကာတာကို ဖွင့်ချလိုက်သဖြင့် လယ်ဧက ရာနှင့်ချီ နစ်မြှုပ်ပြီး ဒေသခံများ ရေဘေးသင့်နေကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လနှောင်းပိုင်းက စပြီး သျှမ်းပြည် တောင်ကြီးခရိုင်အတွင်း မိုးအဆက်မပြတ် ရွာသွန်းကာ ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်း တောင်ကျရေများကြောင့် ဖယ်ခုံအင်းအထိ စီးဆင်းလာသည်။

ထိုမှတဆင့် မိုးဗြဲဆည်လည်း ရေလျှံလာသဖြင့် စစ်ကောင်စီတပ် (ခမရ-၄၂၂) က သြဂုတ် ၂ ရက်တွင် ရေကာတာ ရေဖောက်ချလိုက်ခြင်းကြောင့် လယ်ဧက ရာနှင့်ချီ နစ်မြှုပ်ပြီး ဒေသခံ ၈၀၀ နီးပါး ရေဘေးသင့်ခဲ့ကြောင်း Phekon Shan Youth Network ၏ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဓိကတော့ အင်းလေးဘက်နဲ့ ဖယ်ခုံအင်းက ရေတွေ တက်လာလို့၊ အဲ့ကနေ မိုးဗြဲဆည်က ရေလျှံလာတယ်။ ဒါကြောင့် မိုးဗြဲရေကာတာကို ဖောက်ချလိုက်တာ၊ စပါးတွေလည်း ရေနစ်မြှုပ်သလို နေအိမ်တွေလည်း ရေဝင်တယ်။ ရေဘေးသင့်သူက ၈၀၀ နီးပါးရှိတယ်” ဟု ဖယ်ခုံသျှမ်းလူငယ်ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ မိုးဗြဲရေကာတာကို ဖွင့်ချလိုက်ပြီးနောက် အောက်ပိုင်းရှိ မိုးဗြဲမြို့ မြေနိမ့်ပိုင်း ရပ်ကွက်များ၊ ဘီလူးချောင်းအနီး ကျေးရွာ ၁၀ ရွာခန့်ရှိ ‌ဒေသခံများ ၈၀၀ ဝန်းကျင်သည် ရေဘေးသင့်ပြီး စပါးခင်း ဧက (၁၀၀၀) ဝန်းကျင် ရေမြှုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

“ရေဖွင့်ချလိုက်တာကြောင့်လည်း စပါခင်းဧက ၁ ထောင်ကျော်လောက်ကလည်း ရေတွေမြုပ်နေတာ။ မိုးဗြဲဘက်က စပါးခင်းတော်တော်များများ ရေမြှုပ်သွားတယ်။ မိုးဗြဲမြို့ရယ် ဆည်အောက်ဘက် ဘီလူးချောင်း‌နဲ့ နီးတဲ့ရွာက ဒေသခံ ၈၀၀ ဝန်းကျင်လောက် ရေဘေးသင့်နေတာပါ” ဟု ၎င်းက ဆက်ပြောသည်။

မိုးဗြဲရေကာတာ ရေဖောက်ချခြင်းကြောင့် မိုးဗြဲမြို့ရှိ ညောင်ဝိုင်းရပ်ကွက်၊ လွိုင်ကော်မြို့နယ် ဖောင်းတောကျေးရွာ၊ ဘုရားနီကျေးရွာ၊ ဘုရားဖြူကျေးရွာ စသည့် ဘီလူးချောင်းအနီးရှိ ကျေးရွာများသည် ကုန်းမြင့်ရှိရာ ရပ်ကွက်၊ ဘုန်းကြီးကျောင်းတို့တွင် ပြောင်းရွှေ့နေထိုင်နေကြကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် မိုးဗြဲဆည် ရေကာတာဖောက်ချပြီးနောက် လွိုင်ကော်မြို့ရှိ ဘီလူးချောင်းတွင်လည်း ရေ အနည်းငယ် မြင့်တက်လာကြောင်း အသက် ၄၀ ဝန်းကျင် လွိုင်ကော်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“လွိုင်ကော်မြို့ထဲတော့ ရေနည်းနည်းပဲတက်တယ်။ ဒါပေမယ့် ဘီလူးချောင်းအပေါ်ဘက် ချောင်းဘေးနဲ့ နီးတဲ့ ရွာတွေတော့ ‌ရေတွေဝင်နေတယ်”ဟု ၎င်းက ပြောသည်။

အလားတူ အင်းလေးဒေသတွင်လည်း ယခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေမြင့်တက်လာပြီး နေအိမ်အချို့ ရေဝင်ကြောင်း အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ သြဂုတ်လတွင်လည်း မိုးဗြဲမြို့တွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ် (ခမရ -၄၂၂) မှ မိုးဗြဲရေကာတာကို ဖွင့်ချလိုက်ခြင်းကြောင့် မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်တကြောနှင့် လွိုင်ကော်မြို့နယ် ဖောင်းတောကျေးရွာ၊ ဘုရားနီ၊ ဘုရားဖြူ စသည့် ဘီလူးချောင်းအနီးရှိ ကျေးရွာများ တစ်လကျော်ကြာ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...