ဖားကန့်ကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ် လေကြောင်းအပြင် မြေပြင်လမ်းပိုင်းပိတ်ဆို့မှုအပြင်းအထန်လုပ်ဆောင်နေ

ဖားကန့်ကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ် လေကြောင်းအပြင် မြေပြင်လမ်းပိုင်းပိတ်ဆို့မှုအပြင်းအထန်လုပ်ဆောင်နေ

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်ကစလို့ စစ်ကောင်စီတပ်ဟာ ဖားကန့်ဒေသတစ်ခုလုံးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် မြေပြင်စစ်ကြောင်းအပြင် ဝေဟင်လေ‌ကြောင်းအကူနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်‌ပြီး တန်ပြန်ထိုးစစ်ဆင် နေတာ ခုဆို နှစ်လကျော်ဝန်းကျင်ရှိလာပြီ ဖြစ်ပါတယ်။

ဒီစစ်ဆင်ရေးမှာ စစ်ကောင်စီပူး‌ ပေါင်းတပ်ဘက်က KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အထောက်အကူ ဖြစ်စေမယ့် မြေပြင်လမ်းကြောင်းတွေကို ပိတ်ဆို့လိုက်ပြီးတော့ စစ်ရေးပန်းတိုင်ရောက်အောင် ဖြည်းဖြည်းချင်း ဖော်ဆောင်နေတာဖြစ်တယ်လို့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“စစ်တပ်က အင်းနဲ့အားနဲ့ စစ်ကြောင်းတွေ ထိုးတက်တာမျိုးမဟုတ်ဘဲ ဖြည်းဖြည်းချင်းနဲ့ စစ်ပွဲဖော်ဆောင် နေတယ်။ တခြားနောင်ချိုတို့လိုမျိုး မြို့သိမ်းတိုက်ပွဲလည်းမဟုတ်ပြန်ဘူး။ တစ်ဖက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်တပ်ရဲ့ လမ်းကြောင်းတွေကို မတက်နိုင်အောင်ပိတ်ဆို့ပြီးတော့ ပုံဖော်နေတာတွေ့ရတယ်။ အဲ့ဒါကြောင့်လည်း စစ်တပ်က ရှေ့ကို မတိုးနိုင်တဲ့ အခြေအနေဖြစ်နေတယ်။ အဲ့ဒါကြောင့်လည်း ပိတ်ဆို့မှုတွေ ဆက်တိုက်လုပ်လာတယ်။ သူတို့ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေကို အထောက်အကူပြုစေမယ့် ပိတ်ဆို့မှုတွေ အကုန်လုပ်လာတာပေါ့လေ။ ဒါပေမယ့် အဓိကတော့ ဒေသလူထုတွေကိုပဲ တက်ရောက်လာတာလေ။ စစ်တပ်ကတော့ အကုန်ရည်ရွယ်ပြီး လုပ်တယ်လို့ မြင်ပါတယ်”

နှစ်လကျော် ကြာမြင့်လာတဲ့ ဖားကန့်တစ်ကျော့ပြန် တိုက်ပွဲမှာ စစ်တပ်ဘက်က ဇူလိုင်လ ၁၅ ရက်နေ့နောက်ပိုင်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်လာနေပြီး ကုန်စည်စီးဆင်းနေတဲ့ လမ်းကြောင်းတွေကိုပါ ပိတ်ဆို့ထားတာ တွေ့ရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ဇွန်လကတည်းကနေ ဖားကန့်ဒေသတစ်ခုလုံးအတွက် အရေးပါတဲ့ မော်မောဘွမ့် (Mawmaw Bum) နဲ့ လမောင်ကုန်း (Lamawng Kawng) တောင်ကုန်း နှစ်နေရာကို သိမ်းပိုက်ဖို့ မော်မောလယန်နဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ)ကျေးရွာလမ်းကြောင်း နှစ်နေရာကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အဲဒီလမ်းကြောင်းတွေမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့အတွက် ယနေ့ထိ စစ်ကြောင်းရောက်ရှိနေတဲ့ မော်မောလယန်နဲ့ ဆွတ်ဘွမ့် ကျေးရွာတစ်လျှောက်မှာ သောင်တင်နေဆဲဖြစ်ပါတယ်။

ဒါကြောင့် စစ်ကူအနေနဲ့ လေကြောင်းအသုံးပြုလာပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အကြိမ်ရေ ၁၀ ကြိမ် ထက်မနည်းရှိလာပြီး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အဓိကရှိနိုင်တဲ့ ဆွတ်ဘွမ့်ကျေးရွာအထက်၊ အင်မားယန်နဲ့ ဖားကန့်သင်္ချိုင်း နေရာတဝိုက်ကို လာရောက်တိုက်ခိုက်နေတာလို့ သိရပါတယ်။

ဆွတ်ဘွမ့်(အမှိုက်ပုံ) ကျေးရွာအထက် စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အင်းမားယန် အနီးတဝိုက်က အရပ်သားနေအိမ်တစ်ချို့ ထိခိုက်ပျက်စီးသွားတာတွေရှိတယ်လို့ သိရပါတယ်။

စစ်တပ်က လေကြောင်းအပါ ဖားကန့်ဒေသထဲကို ကုန်စည်စီးဆင်းနေတဲ့ ကားမိုင်း – နန့်ယားလမ်းကြောင်းနဲ့ အင်းတောင်းကြီး – ဂွေခါလမ်းကြောင်း နှစ်ခုစလုံးကို ပိတ်ဆို့ထားတာကို တွေ့ရပါတယ်။

ကားမိုင်း – နန့်ယား ကားလမ်းပိုင်းကို ပြီးခဲ့တဲ့ ဧပြီလကတည်းက ဖားကန့်ဒေသထဲကို စစ်ကောင်စီတပ်တွေ စစ်ကြောင်း ဝင်ရောက်လာချိန် KIA က သွားလာခွင့်ပိတ်လိုက်ပြီး ဇူလိုင်လ ၁၆ ရက်နေ့ ပြန်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။

အခုလို KIA ဘက်ကနေ လမ်းကြောင်းကို ပြန်လည်ဖွင့်ပေးလိုက်ပေမယ့် နန့်တိန့်ကျေးရွာအထက်ပိုင်းကနေ ဖားကန့် လုံးခင်းကျေးရွာအထိ စစ်တပ်က ထိန်းချုပ်ထားတာကြောင့် ယနေ့အထိ သွားလာခွင့်ပိတ်ထားဆဲဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားကတည်းက ဖားကန့်ဒေသထဲကို အင်းတော်ကြီး – ဖားကန့် ဂွေခါလမ်းတစ်ခုတည်းကနေ ကုန်ကားတွေ သွားလာခွင့်ရရှိနေပေမယ့် အဲဒီလမ်းပိုင်းမှာ အဓိက စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ရှမ်းနီ SNA တပ်တွေက လမ်းပိုင်းကို ဖွင့်လိုက် ပိတ်လိုက်နဲ့ ကန့်သတ်ချက်တွေနဲ့ သွားလာခွင့်ရရှိနေတာဖြစ်ပါတယ်။

ဖားကန့်ထဲကို ဝင်လို့ရတဲ့ လမ်းကြောင်း နှစ်ခုစလုံးကို စစ်တပ်က ပိတ်ဆို့ထားတာကြောင့် ဇူလိုင်လ ၁၅ ရက်နေ့ နောက်ပိုင်း ဖားကန့်မှာ စားသောက်ကုန်ပစ္စည်းတွေ ပြတ်တောက်လာတဲ့အတွက် ကုန်စျေးနှုန်းတွေ သိန်းဂဏန်းအထက် ထိုးတက်သွားတာ ဖြစ်ပါတယ်။

ပြည်သူတွေအဓိကစားသုံးတဲ့ ဆန်၊ အသား၊ ငါးတွေကို တလွယ်တကူဝယ်ယူဖို့ ခက်ခဲသွားလို ရရှိနိုင်သေးတဲ့ နေရာတွေမှာလည်း ကြက်သားတစ်ပိဿာ တစ်သိန်း နှစ်သောင်းကျပ်အထိ စျေးနှုန်းမြင့်တက်နေတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။

ဖားကန့်ဒေသတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတစ်ခုနဲ့ ဖားကန့်တစ်ခုလုံးကို ကြပ်တည်းသွားအောင် ပိတ်ဆို့မှုတွေလုပ်ပြီး မရရအောင် 

ကြိုးပမ်းလာတဲ့ စစ်ဆင်ရေးဆင်နွှဲနေတာဖြစ်တယ်လို့ နောက် ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက အခုလို ဆက်ပြောပါတယ်။

“အခုက တိုက်ပွဲဖြစ်နေတဲ့ နေရာတဝိုက်ကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေတယ်။ ဗုံးကြဲပြီးတာနဲ့ 

မြေပြင်မှာ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်တယ်။ KIA နဲ့ PDF တွေကလည်း ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတာကို တွေ့ရတယ်။ စစ်တပ်က သူတို့ သွားချင်တဲ့ နေရာကို မြန်မြန်မရောက်နိုင်ဘူးဖြစ်နေတယ်။ အဲဒါကြောင့် အခုလမ်းပိုင်းပိတ်ဆို့တာတွေလည်းကြုံနေရတယ်။ ကုန်ပစ္စည်းတွေမဝင်တော့ရှိတဲ့ ကုန်စျေးနှုန်းတွေ အဆမတန်စျေးမြင့်သွားတယ်။ ဒီအခြေအနေတွေကို ပြန်သုံးသပ်ကြည့်ရင် ဖားကန့်ကို ပြန်ရဖို့ ပိတ်ဆို့ ဖြတ်တောက်မှုတွေ အရင်လုပ်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့ လုပ်လာတယ်လို့မြင်တယ်” ပြောပါတယ်။

ဖားကန့်ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေသလို တစ်ဖက်မှာ စစ်ရေးတစ်ခုထဲတင် ဖော်ဆောင်နေတာမျိုးမဟုတ်ဘဲ နောက်ထပ်တစ်ခုက လူမျိုးရေးကို အသုံးချပြီး စည်းရုံးရေးတွေ လုပ်ဆောင်ကာ ကြိုးပမ်းနေတယ်လို့ သိရတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်း စစ်ကောင်စီတပ်တွေ ဖားကန့်ဒေသထဲကို စတင်ဝင်ရောက်လာမှုမတိုင်မှီ စစ်ကောင်စီတပ်တွေဟာ ဖားကန့်ဒေသထဲကို စတင်စစ်ကြောင်းဝင်နိုင်ဖို့ ဖားကန့်ဒေသထဲမှာ ယခင်ကတည်းက ဒေသခံအမည်ခံပြီး ရှိနေကြတဲ့ ပြည်သူတစ်ချို့ကို စည်းရုံးပြီး ဝင်ရောက်လာတာဖြစ်တယ်လို့လည်း စုံစမ်းသိရရှိပါတယ်။

စစ်တပ်ရဲ့ စည်းရုံးမှုထဲမှာ အဓိကအားဖြင့် ဖားကန့်ဒေသထဲ ဆယ်စုနှစ်ကြာရှည်စွာ ကျေးရွာလူကြီးပိုင်းအဖြစ်ရှိနေကြတဲ့ သူတွေဖြစ်ပြီးတော့ အဓိကအားဖြင့် ရှမ်းနီအမည်ခံတဲ့ သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ရှမ်းနီ အမည်ခံပြီး စစ်တပ်ရဲ့ စည်းရုံးမှုထဲမှာ ကူညီဆောင်ရွက်ပေးနေတဲ့ ဖားကန့်ဒေသခံ ၆ ဦးခန့်ရှိနေပြီး အဲဒီ ကျေးရွာ လူကြီးတွေဟာ ဖားကန့်ဒေသထဲ စစ်ကြောင်းဝင်လာဖို့ ကူညီပေးနေကြသလို စစ်ကြောင်းတွေ စစ်ရေး လှုပ်ရှားသွားလာနိုင်ဖို့ အဓိက ပါဝင်ဆောင်ရွက်ပေးနေတယ်လို့လည်းသိရပါတယ်။

လက်ရှိ ရှမ်းနီးအမည်ခံ တစ်ချို့ကို စည်းရုံးပြီး လုပ်ဆောင်နေတဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးဟာ အောင်မြင်မှုတစ်ခုအနေနဲ့ ရရှိနေတယ်လို့ နောက်ထပ် ဖားကန့် ဒေသခံ ကချင်အမျိုးသားတစ်ဦးက ထပ်မံ သုံးသပ် ပြောဆိုထားပါတယ်။

“လူမျိုးရေးကို အဓိကထားပြီး လုပ်လာတာကို တွေ့ရတယ်။ အဓိက ရှမ်းနီဆိုပြီး အမည်ခံနေတဲ့ သူတွေစည်းရုံရေးအောင်မြင်နေတာကို မြင်ရတယ်။ ပြီးရင် စစ်တပ်ကို ထောက်ခံတဲ့ သူတွေကိုလည်း မရရအောင် ဆွဲခေါ်တဲ့ သဘောမျိုးရှိတယ်။ စိတ်ဓါတ်မြင့်တင်ပေးတာတွေကအစ သေချာလေးစည်းရုံးထားတယ်။ အဲထဲမှာ ဖားကန့် လုံးခင်းကအစ ကျန်တဲ့ နေရာက ၅ ယောက် ၊ ၆ ယောက်လောက် ကူညီပေးနေတာတွေ့ရတယ်။ ကူညီပေးနေတဲ့ သူတွေကလည်း ဖားကန့်မှာ အရင်းကတည်းက နေထိုင်ကြတဲ့ ရှမ်းနီ လူမျိုးတွေဖြစ်ကြတယ်။ ပြီးရင် သူတို့ကိုယ်တိုင်လည်း လူကြီးပိုင်ဆိုပြီး လုပ်နေတဲ့ သူတွေဖြစ်တယ်။ အဲဒီလူတွေပဲ စစ်ကြောင်းသွားတဲ့ နေရာတွေကို လမ်းညွှန်ပေး ကူညီပေးတယ်။ စစ်တပ်ရဲ့ လူယုံတော်တွေပေါ့”လို့ ပြောပါတယ်။

ဖားကန့်ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်တွေ ဖားကန့်ဒေသထဲကို စစ်ကြောင်းမဝင်လာခင်အထိ စည်းရုံးရေးတွေ အရင်လုပ်ဆောင်ပြီးမှသာ စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်တပ်က တစ်ဖက်မှာ လက်နက်ကိုင်ပြီး တိုက်ပွဲဖော်ဆောင်နေသလို ပြည်သူလူထုကြားမှာ လူမျိုးရေးအသုံးချပြီး စစ်တပ်ထောက်ခံတဲ့သူတွေကို လက်ကိုင်တုတ်တစ်ခုအနေနဲ့ အသုံးပြုနေတာကို တွေ့ရပါတယ်။

ဖားကန့်ဒေသမှာ လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်လည်ရယူဖို့ စစ်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ နောက်ပိုင်း စတင်စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

ဇူလိုင်လအထိ ကားမိုင်း – နန့်ယား ဖားကန့်လမ်းကိုအသုံးပြုပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာ ၃ ကြိမ်ရှိသွားပြီး စစ်အင်အား ရာနဲ့ချီရှိတဲ့ စစ်ကြောင်းတွေက ဖားကန့် လုံးခင်း၊ မှော်ဆီစာ၊ မဇွပ်ယန်၊ ကုဋေမှော်၊ မော်ဝမ်းကြီး၊ မော်ဝမ်းကလေး၊ ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ မော်မောလယန် စတဲ့ကျေးရွာတွေမှာ ဝင်ရောင်နေပြီး စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဖားကန့်ထဲကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ် အင်အား ခန့်မှန်းခြေ ၅၀၀ နဲ့ ၆၀၀ ခန့်ရှိပြီး အဲဒီစစ်ကြောင်ထဲမှာ စစ်တပ်လက်အောက်ခံ ကချင်ပြည်နယ်ထဲက ပြည်သူ့စစ်တပ်သားတွေ အများဆုံးပါဝင်တယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။

ဖားကန့်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ရတဲ့နည်းလမ်းတွေနဲ့ အဆုံးအထိ လုပ်လာနိုင်တယ်လို့လည်း 

ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ ကချင်ပြည်သူတစ်ဦးက ဖားကန့်စစ်ရေးနဲ့ ပတ်သက်ပြီး သုံးသပ်ပြောဆိုထားပါတယ်။

“စစ်တပ်ရဲ့ လေယာဉ်အသုံးပြုတဲ့ အခြေအနေကို ကြည့်ရင် အကြောင်းအရာ နှစ်ခုနဲ့ မြင်တွေ့ရတယ်။ တစ်ခုက မြေပြင်ထိုးစစ်မှာ အနိုင်ရဖို့ စစ်ကူအနေနဲ့ အသုံးပြုတယ်။ နောက်တစ်ခုက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ ဝင်ငွေရရှိနေတဲ့ လမ်းကြောင်းတွေကို ဖျက်ဆီးပေးလိုက်ဖို့ အသုံးပြုတယ်လို့မြင်တယ်။ ဖားကန့် နဲ့ ပတ်သက်ပြီး ပြန်ကြည့်မယ်ဆိုရင် ဒီ အကြောင်းအရာ နှစ်ခုစလုံးနဲ့ ကိုက်ညီမှုရှိနေတယ်။ အခုဆိုလည်း ဗျူဟာကျတဲ့ နေရာတွေကို ပြန်ရဖို့ ကြိုးပမ်းနေတဲ့ အချိန်ဖြစ်တဲ့အတွက် လေယာဉ်ဆက်တိုက်အသုံးပြုလာတယ်လို့ မြင်တယ်။ အဓိကတော့ နေရာတွေပြန်ရဖို့၊ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ အသုံးပြုနေတယ်။ ဒီအပေါ်မှာ KIA ဘက်က ဘယ်လောက်ထိ တောင့်ခံနိုင်မလဲကြည့်ရအုံးမှာပေါ့” လို့ ပြောပါတယ်။

KIA အနေနဲ့လည်း လက်ရှိ ထိန်းချုပ်ထားတဲ့ နေရာတွေကို လွယ်လွယ်နဲ့ လက်လွတ်ပေးမှာမဟုတ်သလို စစ်တပ်ဘက်ကလည်း ဆက်လက်ပြီး ထိုးစစ်ဆင်နွှဲနေပါက ပေးဆပ်မှုတွေ ပိုမိုများလာနိုင်တယ်လို့လည်း ဆက်ပြီး သုံးသပ်ထားပါတယ်။

စစ်ကောင်စီတပ်တွေ ပြီးခဲ့တဲ့ မေလအတွင်း ဖားကန့် ဒေသထဲကို ဝင်ရောက်သွားပြီးနောက် ဖားကန့် လုံးခင်း၊ မှော်ဆီစာ၊ မဇွပ်ယန်၊ ကုဋေမှော် စတဲ့ ကျော်စိမ်းမှော်ထဲက ကျောက်စိမ်းလုပ်ကွက်တွေမှာ ဝင်ရောက်ပြီး လုပ်ငန်းရှင်တွေရဲ့ ဘက်ဟိုး၊ မြေသယာဉ်စတဲ့စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ကျောက်စိမ်းတူးဖော်တဲ့ နေရာမှာ အသုံးပြုတဲ့ လုပ်ငန်းရှင်တွေရဲ့ ယမ်းဂိုဒေါင်နေရာတွေကိုလည်း ဒရုန်းပစ်ခတ်ဖောက်ခွဲပေးလိုက်တာကြောင့် အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ဇွန်လဆန်းပိုင်းမှာက ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံနဲ့ ဖားကန့်မြို့တစ်ခုလုံးကို လှမ်းထောက်နိုင်တဲ့ လမောင်ကုန်းနဲ့ မော်မောဘွမ့် စတဲ့ တောင်ကုန်း နှစ်နေရာကို သိမ်းပိုက်ဖို့ စတင်ကြိုးပမ်းလာခဲ့တာကြောင့် စစ်ရေ နှစ်လကျော်ခန့် ကြာမြင့်လာခဲ့ပေမယ့် နှစ်ဖက်စစ်ရေးအရှိန် ဆက်လက်မြင့်မားနေဆဲ ဖြစ်ပါတယ်။

ဖားကန့်မှာ တစ်ကျော့ပြန် တိုက်ပွဲပြန်လည်ဖြစ်ပွားလာတဲ့ နှစ်လကျော်အတွင်းမှာ တိုက်ပွဲနဲ့ ပတ်သက်ဆက်နွယ်မှုမရှိဘဲ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုများစွာ ရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးတာတွေ၊ ညအချိန် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးတဲ့ပြည်သူတွေ၊ စစ်ကြောင်းဝင်ရောက်လာပြီး လူသားဒိုင်းအသုံးပြုခံရကာ ပစ်သတ်ခံရတဲ့ ပြည်သူတွေ၊ သွားလာရင်းအကြောင်းမဲ့ပစ်သတ်ခံရတဲ့ ပြည်သူတွေ စတဲ့ ဖြစ်စဉ်တွေကြောင့် ပြည်သူတွေ နေ့တိုင်းလိုလို သေဆုံးမှုဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

ဖားကန့်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာ ၁ နှစ်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။

KIO ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာ တစ်နှစ်ပြည့်တဲ့ ဧပြီလမှာပဲ စစ်တပ်က ဖားကန့်ဒေသထဲကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး တစ်ကျော့ပြန်တိုက်ပွဲဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...