တနင်္သာရီတွင် စစ်ရှောင်ဦးရေတိုးလာပြီး ဆေးဝါးနှင့် ထောက်ပံ့မှု လိုအပ်နေ

တနင်္သာရီတွင် စစ်ရှောင်ဦးရေတိုးလာပြီး ဆေးဝါးနှင့် ထောက်ပံ့မှု လိုအပ်နေ

တနင်္သာရီတိုင်းအတွင်း ပြီးခဲ့သည့် ဇွန်လကုန်ထိ စစ်ဘေးရှောင် ၈၀, ၃၀၀ ဦး အထိ ရှိလာပြီး ၎င်းတို့အတွက် ဆေးဝါးနှင့် ထောက်ပံ့မှုအဓိက လိုအပ်နေသည်ဟု စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက်တော်လှန်ရေးတပ်များ နှစ်ဖက် တိုက်ပွဲ များကြောင့် ယခင်လထက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ သိသိသာသာ တိုးလာပြီး အဆိုပါ စစ်ဘေးရှောင်များအတွက် ဆေးဝါးနှင့် အထောက်အပံ့များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသူ တစ်ဦးက ယခုလို ပြောသည်။

“ဆေးဝါး လုံလုံလောက်လောက် မရှိတဲ့အတွက်၊ ဆေးမြီးတို၊ မြန်မာတိုင်းရင်းဆေးတွေကို အဓိကထားပြီး သုံးစွဲ နေရတာမျိုးတွေ ရှိပါတယ်။ နောက်တစ်ခုကတော့ လူသားအရင်းအမြစ်လိုအပ်ချက်ပေါ့။ အကယ်၍ စစ်ဘေး ရှောင်တွေအတွက် ဆေးကုသဖို့က စခန်းတွင်းက ဆရာ၊ ဆရာမတွေ လောက်ဘဲရှိတယ်။ ရောဂါ ပြင်းထန်တာ တွေအတွက်တော့ ကုသနိုင်ဖို့ အခက်အခဲ ရှိနေတုန်းဘဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်အများစုသည် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါ၊ ဝမ်းရောဂါ၊ အရေပြား ရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို အဓိက ခံစားနေကြရကြောင်း အဆိုပါစစ်ဘေး ရှောင်ကူညီသူ များထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား နှစ်ဖက်ထိတွေ့တိုက်ပွဲပေါင်း (၃၁) ကြိမ် ထက်မနည်းရှိနေခဲ့ပြီး လက်ရှိ ဇူလိုင် လ တွင်လည်း တနင်္သာရီတိုင်းအတွင်း နှစ်ဖက်စစ်ရေးတင်းမာမှုများ ဆက်ရှိနေသည်ဟု လောင်းလုံး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုသည်။

“ပြီးခဲ့တဲ့ရက်ကလည်း စစ်ကောင်စီဘက်ကနေပြီးတော့ တိုက်ပွဲမရှိတဲ့အချိန် လက်နက်ကြီး ပစ်ခတ်တာမျိုးတွေ ရှိတယ်။ အဓိကကတော့ ဟိုးထားဝယ်ဘက်ကနေပြီးတော့ စစ်ကြောင်းထိုးတော့မယ်ဆိုတာနဲ့ ဟောင်ဝစ်ဇာ (လက်နက်ကြီး)လှမ်းပြီး ပစ်ကူပေးနေတာမျိုးတွေ ရှိပါတယ်။ ဒီလထဲမှာဆိုရင် မြို့ပေါ်အထိကို စစ်ကြောင်း ထိုးလာတဲ့ ပုံစံမျိုးတွေ့လာ ရပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၈၀,၃၀၀ ဦး ရှိပြီး ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်၊ သရက်ချောင်းမြို့နယ်များထဲမှ ဒေသခံပြည်သူ ၄၀,၃၀၀ ဦး ကျော် ရှိသည်။

ထို့အပြင် မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူ ၄၀,၀၀၀ ဦးကျော် အထိရှိသည်ဟု တနင်္သာရီနှင့် ပတ်သက်ပြီး သုတေသန ပြုနေသည့် FE 5 Tanintharyi ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ယခုလအတွင်း တနင်္သာရီတိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တိုက်ပွဲဖြစ်ပွားမှုနှင့် လေကြောင်း တိုက်ခိုက်မှုများ သိသိသာသာ လျော့နည်းသွားသော်လည်း စစ်ဘေးရှောင်ဦးရေ တစ်လထက်တစ်လ တိုးလာ နေသည်ဟု ၎င်းအဖွဲ့က ပြောသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...