စစ်အုပ်စုခေါင်းဆောင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ် အရပ်ဖက်အဖွဲ့ ၁၆ ဖွဲ့ ကန့်ကွက်စာထုတ်

စစ်အုပ်စုခေါင်းဆောင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ် အရပ်ဖက်အဖွဲ့ ၁၆ ဖွဲ့ ကန့်ကွက်စာထုတ်
ဓာတ်ပုံ - Amarin News (Crd)
ဓာတ်ပုံ - Amarin News (Crd)

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုတင်နှင့် တွေ့ဆုံရန် မြန်မာစစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိနေစဉ်အတွင်း အာဏာရှင်စနစ်ဆန့်ကျင် ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အရပ်ဖက်အဖွဲ့ ၁၆ ဖွဲ့က ကန့်ကွက်စာ ထုတ်ပြန် လိုက်သည်။

ကရင်ပြည်နှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့လည်း လိုက်ပါသွားသည့် ဦးမင်းအောင်လှိုင်၏ နှစ်ရက် တာ ခရီးစဉ်အတွင်း လုံခြုံရေး၊ နယ်စပ်စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် ရှိသည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးအတွက် ထိုင်း-မြန်မာ စီးပွားရေးဖိုရမ်သို့ တက်ရောက်ကာ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံရန်လည်း ရှိနေသည်။

စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူး လွန်လျက်ရှိပြီး ၎င်း၏ အာဏာတည်မြဲရေး အတွက်သာ ဆောင်ရွက်နေသောကြောင့် ယခုထိုင်းနိုင်ငံခရီးစဉ်အား ကန့်ကွက်ရှုတ်ချခြင်းဖြစ်သည်ဟု အရပ်ဖက်အဖွဲ့များက ဆိုသည်။

ထိုင်းအစိုးရအနေဖြင့် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်ရန်၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ အသံကို နားထောင်ရန်၊ နိုင်ငံတကာအကူအညီများ လိုအပ်နေသူများထံ တိုက်ရိုက်ရောက် ရှိအောင် ဆောင်ရွက်ရန်နှင့် စစ်တပ်အား တရားဝင်မှုနှင့် အာဆီယံအတွင်း ပါဝင်ရမည့် အခန်းကဏ္ဍကို မပေးအပ်ရန် အဖွဲ့ ၁၆ ဖွဲ့က တောင်းဆိုထားသည်။

ထို့ပြင် စစ်အုပ်စုကို အားပေးအားမြှောက်ပြုလုပ်ခြင်းက ပြည်တွင်းစစ်ပွဲကိုသာ ပိုမိုကြာရှည်စေပြီး နှစ်နိုင်ငံ နယ်စပ်ဒေသနေ ပြည်သူများနှင့် ဒေသတွင်းလုံခြုံရေးကိုပါ သက်ရောက်မှုရှိစေသည်ဟုလည်း ၎င်းတို့က ထည့် သွင်းဖော်ပြထားသည်။

လက်ရှိခရီးစဉ်သည် မင်းအောင်လှိုင် သမ္မတရာထူးရယူပြီးနောက် တရုတ်၊ အိန္ဒိယနှင့် လာအိုနိုင်ငံတို့ပြီးလျှင် စတုတ္ထမြောက် ပြည်ပခရီးစဉ် ဖြစ်လာသည်။

စစ်ယူနီဖောင်း မလဲခင်ကတည်းက စစ်ခေါင်းဆောင်မှာ ငြိမ်းချမ်းရေး ဦးစားပေးအသွင် ဆောင်ရွက်နေသော် လည်း လက်တွေ့တွင် လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြည်သူများအပေါ် အကြမ်းဖက်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည့်အပေါ် စောင့်ကြည့်လေ့လာသူများက အစဉ်တစိုက် ထောက်ပြလျက်ရှိကြသည်။

DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က “သူ(မင်းအောင်လှိုင်)လာရုံနဲ့ ကျနော်တို့ တိုင်းပြည်ပြဿနာ၊ ထိုင်းနဲ့ဆက်စပ် တဲ့ ပြဿနာက ပြေလည်မယ်လို့ မမြင်ဘူး။ သူ့ကို လူလိုသူလိုဆက်ဆံတာကိုက ဒီနိုင်ငံ(ထိုင်း)အတွက် ဂုဏ် သိက္ခာ ထိခိုက်တယ်။ ထိုင်းက တာဝန်ရှိတဲ့သူတွေအနေနဲ့လည်း ကိုယ့်ရဲ့ အကျိုးစီးပွားပဲဖြစ်ဖြစ် တိုင်းပြည် အကျိုးကိုပဲဖြစ်ဖြစ် ထိခိုက်စရာရှိတယ်” ဟု ယခုခရီးစဉ်နှင့် ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုသည်။

ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ဇူလိုင်လက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံပွဲ၌ အာဆီယံအတွင်း မြန်မာနိုင်ငံ ပြန်လည်ထိတွေ့ဆက်ဆံနိုင်ရေးကို ထောက်ခံခဲ့ခြင်း ရှိ သည်။ ထို့နောက် လက်ရှိ မင်းအောင်လှိုင်၏ ဘန်ကောက်ခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အရပ်ဖက်အဖွဲ့များကမူ ထိုအချက်ကြောင့် ထိုင်းနိုင်ငံအနေဖြင့် ရာဇဝတ်ကောင် စစ်အုပ်စုဘက်မှ ရပ်တည်နေ သူအဖြစ် အများအမြင် မခံသင့်သလို စစ်အုပ်စုအကျိုးရှိစေမည့် မူဝါဒနှင့် အကျိုးအမြတ်များကို မပေးအပ်သင့် ကြောင်း ကန့်ကွက်စာတွင် အလေးအနက် တိုက်တွန်းထားကြသည်။

ထို့အတူ အကြမ်းဖက်မှုများ ရပ်တန့်ရေးတွင် ထိရောက်သည့် အခန်းကဏ္ဍမှ ပါဝင်ရန်နှင့် လက်နက်အားကိုးဖြင့် အာဏာသိမ်းကာ အကြမ်းဖက်နေသည့် စစ်အုပ်စုကို နိုင်ငံတကာတွင် လက်ခံခြင်းနှင့် တရားဝင်မှုပေးခြင်းများ မပြုလုပ်ကြရန်လည်း အာဆီယံကို တိုက်တွန်းတောင်းဆိုထားသည်။

ဓာတ်ပုံ - Amarin News (Crd)

August 7, 2026
ကရင်အမျိုးသားအစည်းအရုံး-KNU မူတြော် (ဖာပွန်) ခရိုင်အတွင်း စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး...
ဓာတ်ပုံ - AKY
August 7, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ အိုင်သပြုကျေးရွာအပါအဝင် ကျေးရွာ အများ...
ဓာတ်ပုံ - AP
August 6, 2026
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့၌ ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင်...
August 5, 2026
ကရင်လူမျိုးများအတွက် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုရရှိရန်၊ ကော်သူးလေ (ကရင်ပြည်) တွင်...