မူတြော်တွင် လေကြောင်းနှင့် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရ

မူတြော်တွင် လေကြောင်းနှင့် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး-KNU မူတြော် (ဖာပွန်) ခရိုင်အတွင်း စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး ဖြင့် တိုက်ခိုက်မှုများကြောင့် နှစ်ရက်အတွင်း ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ပြီး ဘာသာရေးအဆောက်အအုံများနှင့် နေအိမ် ၄၀ ထက်မနည်း ပျက်စီးသွားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့ ည ၉ နာရီအချိန်တွင် ဒွယ်လိုးမြို့နယ်၊ ထီးသဘလုထအုပ်စု၊ ဘောသို့ထရွာသို့ ဂျက်လေယာဉ်ဖြင့် ဗုံးလေးလုံး ကြဲချခဲ့ရာ အသက် ၄၅ နှစ်အရွယ် နော်ပိုမူမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားခဲ့ ကြောင်း ကေအဲန်ယူ တပ်မဟာ (၅) တာဝန်ရှိသူက ပြောဆိုသည်။

တဆက်တည်းတွင် ဩဂုတ်လ ၆ ရက်နေ့၊ နံနက်ပိုင်း၌လည်း မာထောအုပ်စု၊ ခလယ်ခိုကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ လယ်လုပ်နေသူ အသက် ၃၅ နှစ်အရွယ် နော်ဒါးခူ၏ ဘယ်လက်တွင် ကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

မူတြော်တွင် အရပ်သားများ ပစ်မှတ်ဖြစ်နေခြင်းအပေါ် တပ်မဟာ (၅) ပြောခွင့်ရ ပဒိုစောထို့ရော်ဘင်က “သူတို့ (စစ်အုပ်စု) က လေယာဉ်နဲ့လက်နက်ကြီးကို အားကိုးပြီး ဒေသခံရွာသားတွေကိုပဲ အသားကုန် လိုက်ပစ်နေ တယ်။ တိုက်ပွဲလည်း နေ့တိုင်းဖြစ်တော့ သူတို့ဘက်က ထိခိုက်ဒဏ်ရာရတာ နေ့တိုင်းလိုလိုပဲ” ဟု ပြောသည်။

ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ မရှိဘဲ တိုက်ပွဲလည်း မဖြစ်ပွားသည့် ကျေးရွာများမှ ဒေသခံ ပြည်သူများမှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ကောင်းစွာမလုပ်ကိုင်နိုင်ဘဲ ထိတ်လန့်စိုးရိမ်နေကြရ သည်။

မူတြော်ဒေသခံ အမျိုးသားတစ်ဦးကလည်း “Y-12 ရော ဂျက်လေယာဉ်နဲ့ရော လာပစ်တုန်းက ကျနော့်သားရဲ့ ခြေထောက်ကို နည်းနည်းထိတယ်၊ နွားတစ်ကောင်လည်း ထိတယ်။ ပြီးတော့ (ဩဂုတ်လ ၂ ရက်နေ့) တုန်းက ဆိုရင် စပါးစိုက်နေတုန်း လက်နက်ကြီးလှမ်းပစ်သေးတယ်။ အခု စပါးစိုက်နေရင်းနဲ့ ကြောက်နေရတယ်။ ဒါတောင် ကျနော်တို့နေတဲ့နေရာက လက်နက်ကိုင်တပ်ဖွဲ့တွေမရှိဘူး၊ နီးလည်း မနီးဘူး” ဟု ပြောသည်။

မူတြော်ခရိုင်တွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် (KPSN) ၏ ဩဂုတ်လ ၆ ရက်နေ့ ထုတ်ပြန်ချက်တွင်လည်း ဒေသခံများ ထိခိုက်သေဆုံးမှုကို ဖော်ပြထားသည်။ အဆိုပါ ထုတ်ပြန်ချက်အရ ဘုန်းကြီးကျောင်း နှစ်ကျောင်းနှင့် နေအိမ် ၃၀ လုံး ပျက်စီးသွားကြောင်း ပါရှိသည်။

အလားတူ ထိုထုတ်ပြန်ချက်အရ ဩဂုတ်လ ၃ ရက်နေ့က ထီးသဘလုထအုပ်စု၊ ထီးလော်သေထရွာသို့ စစ်တပ် က လေယာဉ်ဖြင့် ဗုံး ၁၅ လုံး ကြဲချခဲ့ရာ နေအိမ် ရှစ်လုံး ပျက်စီးခဲ့ကြောင်းနှင့် ဇူလိုင်လ ၃၁ ရက်နေ့က မယ်ကောလိုကျေးရွာတွင် တိုက်လေယာဉ်ကြောင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦး ဒဏ်ရာရရှိကာ နေအိမ် ရှစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

နယ်မြေထိန်းချုပ်ရန် တပ်မဟာ (၅) နယ်မြေဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုသည် လမ်းတစ်လျှောက်ရှိ ရွာသူရွာသားများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ် ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိသည်။ ထို့ကြောင့် လက်ရှိတွင် ဒေသခံ ၁၀,၀၀၀ နီးပါး ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။

ဓါတ်ပုံ - KNU

Most read this week

ဓာတ်ပုံ - AKY
August 7, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ အိုင်သပြုကျေးရွာအပါအဝင် ကျေးရွာ အများ...
ဓာတ်ပုံ - AP
August 6, 2026
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့၌ ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင်...
ဓာတ်ပုံ - Amarin News (Crd)
August 6, 2026
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုတင်နှင့် တွေ့ဆုံရန် မြန်မာစစ်အုပ်စု ခေါင်းဆောင်...
August 5, 2026
ကရင်လူမျိုးများအတွက် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုရရှိရန်၊ ကော်သူးလေ (ကရင်ပြည်) တွင်...