ရန်ကုန်တိုင်းဒေသကြီးသို့ ထွက်ခွာသည့်ရခိုင်လူငယ် ၁ဝ ကျော်သည် မကွေးတိုင်းဒေသကြီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။
အမျိုးသမီးငယ်များပါဝင်သည့် သူတို့အဖွဲ့သည် ရခိုင်ပြည်၊ အမ်းရိုးကို ခြေလျင်ကျော်ဖြတ်၍ ရန်ကုန်သို့ ကားဖြင့် ထွက်ခွာစဉ် မကွေးတိုင်း၊ အထက်မင်းလှအပိုင် စစ်ကောင်စီ၏ ကန်တုတ်စစ်ဆေးရေးဂိတ်သို့မရောက်မီ နောက်ထပ်စစ်ဆေးရေးဂိတ်တစ်ခုတွင် ယမန်နေ့ ဇူလိုင်လ ၁၇ ရက်၊ ညတွင် ဖမ်းခံလိုက်ရခြင်းဖြစ်သည်ဟု နယ်မြေခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ကားတစ်စီးမှာ ၁၀ ယောက်ကျော်ပါတယ်။ ရိုးကို ကျော်ဖို့ခြေကျင်လျှောက် လေးည၊ ငါးညအိပ်လာရတယ်။ ရိုးကျော်မှ နီးစပ်ရာရွာကနေ ပွဲစားနဲ့ချိတ်ပြီး ကားနဲ့ပို့တယ်။ အဲဒီမှာ မင်းလှနဲ့ မင်းဘူးလမ်းခွဲမှာရှိတဲ့ စစ်ကောင်စီရဲ့ ကန်တုတ်ဂိတ်အနီးက ဂိတ်မှာအဖမ်းခံရတာ"ဟု ပြောသည်။
အဆိုပါဂိတ်တွင် ဖမ်းဆီးပြီးနောက် ကန်တုတ်စစ်ဆေးရေးဂိတ်သို့ ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။
ဖမ်းဆီးခံလိုက်ရသည့်လူငယ်များမှာ ရခိုင်ပြည်အတွင်းမှ အမ်း၊ တောင်ကုတ်၊ မြေပုံနှင့် မင်းပြားမြို့နယ်တို့မှ ပါဝင်ပြီး ကျား/မ ဦးရေ၊ အမည်နှင့် အသက်တို့ကို နိရဉ္စရာက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အထက်မင်းလှမြို့နယ်၊ ကန်တုတ်ဂိတ်တွင် တပ်မ(၉၉)အပါအဝင် စုပေါင်းစစ်ကြောင်းများ တပ်စွဲနေထိုင်နေပြီး စစ်ကြောင်းထိုးမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
ရိုးတောင်ခြေရင်းနှင့် ကန်တုတ်စစ်ဆေးရေးဂိတ်သည် ကားလမ်းအတိုင်းသွားလျှင် (၁၅)မိုင်ကျော်ခန့် ကွာဝေးကြောင်း သိရသည်။
အာရက္ခတပ်တော်(AA)က ရခိုင်တွင် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP)ကို မေလအတွင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါပြဋ္ဌာန်းချက်အရ အမျိုးသမီးဆိုလျှင် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းနှင့် အမျိုးသားဆိုလျှင် ၁၈ နှစ်မှ ၄၅ နှစ်ကြားရှိသူများ စစ်မှုထမ်းရမည်ဖြစ်ပြီး အခြေခံစစ်ပညာသင်တန်း ၄၅ ရက်ကြာ တက်ရောက်ကာ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရထံတွင် နှစ်နှစ် တာဝန်ထမ်းဆောင်ရမည်ဟု သိရသည်။
ရခိုင်တွင် AA က စစ်မှုထမ်းဥပဒေ ထုတ်ပြန်ထားသည်ကတစ်ကြောင်း၊ အလုပ်အကိုင်မရှိ၍ စားဝတ်နေရေး ကျပ်တည်းသည်ကတစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လူငယ်/လူလတ်ပိုင်းအရွယ်များမှာ ဒေသခံ ပွဲစားများဖြင့် ချိတ်ဆက်ကာ ပြည်မသို့ ထွက်ခွာလျက်ရှိသည်ဟု အမ်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"AA က ထုတ်ပြန်တဲ့အထဲမှာ ကုန်တင်ကားတွေသွားရင် တစ်ဦးထက်ပိုမသွားရဘူးဆိုပေမယ့် ပွဲစားတွေနဲ့ နယ်မြေက ပုဂ္ဂိုလ်တွေပူးပေါင်းပြီး ဒီလူငယ်တွေကိုပို့နေတာလေ။ ပြည်ပမှာအဖမ်းအဆီးမရှိဆိုပြီးတော့။ လူငယ် တွေက စစ်မှုထမ်းဖို့ကြောက်တာကတမျိုး။ စားဝတ်နေရေးခက်ခဲတာကတမျိုး ထွက်ခွာနေကြတာ။ အခုတော့ စစ်ကောင်စီဂိတ်တွေမှာ အဖမ်းခံရတယ်။ အရင်လည်း ရာနှင့်ချီအဖမ်းခံရတာဖမ်းပြီး ပြန်လွတ်လာတာ မကြားမိဘူး" ဟု ပြောသည်။
ရခိုင်မှ ပြည်မသို့သွားမည်ဆိုလျှင် တစ်ဦးလျှင် ငွေကျပ်သိန်း(၆၀)အထိ ပွဲစားများကိုပေးရပြီး ပွဲစားများက မင်းဘူးမြို့အထိ ပို့ဆောင်ပေးကာ မင်းဘူးမှတဆင့် မိမိအစီအစဉ်ဖြင့် ဆက်သွားရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ရန်ကုန်သို့သွားသည့် ရခိုင်ဒေသခံ ၅၀ ဦးကို ပဲခူးတိုင်း၊ ပြည်မြို့အဝင်ရှိ နဝဒေးတံတားစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးသည်။
ယင်းအနက် အချို့ကို စစ်မှုထမ်းသင်တန်းသို့ပို့ဆောင်ခဲ့သလို အချို့ကို ငွေညှစ်ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။
မေလ ၂၂ ရက်နေ့ကလည်း ရခိုင်ပြည်မှ ပြည်မဖက်သို့သွားသည့် ရခိုင်နှင့် ချင်းလူငယ် ၆ဝ ဦးမှာ အမ်းရိုး ကျော်လမ်းတွင် စစ်ကောင်စီတပ်ထံဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။







