ကျောက်မဲမြို့နယ်ထဲ စစ်ကောင်စီတပ် ထပ်မံဗုံးကြဲတိုက်ခိုက်

ကျောက်မဲမြို့နယ်ထဲ စစ်ကောင်စီတပ် ထပ်မံဗုံးကြဲတိုက်ခိုက်

သျှမ်းပြည်၊ ကျောက်မဲမြို့နယ် ကြူရှောမြောက်ရွာဘက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇူလိုင်လ ၁၈ ရက်) နံနက် ၁၀ နာရီတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် မြို့အနောက်ဘက် ၇ မိုင်ခန့်အကွာရှိ ကြူရှောမြောက်ရွာအနီးသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကြူရှောရွာဘက် ကျတယ်။ အသံနှစ်ခါ ကြားလိုက်တယ်လို့ ပြောတယ်။ လူအသေအပျောက်တို့ ဘယ်နားလေး ကျလဲဆိုတာတော့ လမ်းပိတ်ထားလို့ မသိရသေးဘူး။ ကြူရှောရွာက တောင်ရွာနဲ့ မြောက်ရွာဆိုပြီး ရှိတာ။ အဲ့မှာနေတဲ့လူ တင်ထားတာတော့ မြောက်ရွာလို့ ပြောတယ်”ဟု ကျောက်မဲမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းကလည်း TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ မန်ပင့်လမ်းခွဲ တံတားအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး မန်ပင့်တံတားလည်း အနည်းငယ် ဗုံးစထိမှန် ပျက်စီးခဲ့သည်။

မိုင်းငေါ့မြို့အနီး မန်ပင့်တံတားသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ (၁) ဦး သေဆုံးခဲ့ပြီး (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ဇူလိုင်လ (၁၅) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ဇွန်လ (၂၄) ရက်မှ ဇူလိုင်လ (၁၈) ရက်အထိ တစ်လနီးပါးအတွင်း TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့တွင် (၇) ကြိမ်၊ မိုင်းငေါ့မြို့အနီးတွင် (၁) ကြိမ်၊ သီပေါမြို့တွင် (၂) ကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား (၁၃) ဦးထက်မနည်း သေဆုံး၍ (၃၀) ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

March 25, 2026
“သံလွင် မြစ်ရေစီးသန်အားကြီးတယ် ဒို့သျှမ်းပြည်အလယ်…လွယ်လွယ်နဲ့ကူးဖြတ်နိုင်မယ်မထင်” ဆိုသည့် တေးဆို...
March 25, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့်...
March 24, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး...
March 23, 2026
စိုင်းခွမ်မိန်း — လတ်တလော ရင်ဆိုင်နေရသည့် လေယာဉ်ဆီ အခက်အခဲများကြောင့် မြန်မာပြည်တဝှမ်း...