အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိခဲ့ရာ ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် မိုင်းအန္တရာယ်ကြောင့် ဒေသခံများ၌ ဥယျာဉ်ခြံမြေများကို မလုပ်ကိုင်နိုင်ဘဲ စွန့်ပစ်ထားရကြောင်း သတင်းရရှိသည်။
အမ်းမြို့နယ်ရှိ နပခအပါအဝင် မြို့ပတ်ပတ်လည်၊ တိုက်ပွဲဧရိယာများနှင့် ဆက်စပ်သည့် ဒေသများမှ ဥယျာဉ်ခြံမြေများနှင့် ကားလမ်းဘေးများတွင် စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းများ အများအပြား ထောင်ထားခဲ့သည်ဟု သိရသည်။
ယင်းကြောင့် ဒေသခံများ အဓိက လုပ်ကိုင်စားသောက်နေရသည့် ဥယျာဉ်ခြံမြေများကို လက်ရှိအချိန်ထိ မလုပ်ကိုင်နိုင်ဘဲ စွန့်ပစ်ထားရသည်ဟု အမ်းမြို့နယ်၊ ကျောက်စကွဲရွာမှ ဥယျာဉ်ခြံပိုင်ရှင် အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"တောဟိန်းတောင်မှာစဖြစ်ကတည်းက ဥယျဉ်ခြံတွေပစ်ထားရတာပါ။ ပြီးတော့ မဲတောင်ကနေ စစ်ကောင်စီတပ်တွေ နောက်ဆုတ်ပြီးပြေးလာတော့ ကားလမ်းဘေးတွေ၊ ဟိုဖက်ခြမ်း၊ ဒီဖက်ခြမ်းမှာရှိတဲ့ နေရာတွေမှာ အားလုံးထောင်ထားတယ်။ အကုန်လုံးက ဥယျာဉ်ခြံတွေများတယ်။ စစ်ကောင်စီ နေခဲ့တဲ့ နေရာတွေပါ။ ခြံထဲမှာ မိုင်းရှိ/မရှိ သိရတာက ကျွဲနွားတွေ သေနေတယ် မိုင်းနင်းမိပြီး။ အရင်ကဆို လူတွေပါ နင်းမိတဲ့ဖြစ်စဉ်တွေ ရှိတယ်။ အခုဥယျာဉ်ခြံတွေ အကုန်ပစ်ထားရတယ်။ ရာသီပေါ်သီးနှံတွေတောင် ခူးမစားနိုင်ဘူး။ မိုင်းအန္တရာယ်ကြောင့်။ စားဝတ်နေရေးကလည်း ခြံမလုပ်ရတော့ ပိုကျပ်တည်းတယ်" ဟု ပြောသည်။
စစ်ကောင်စီသည် အမ်း-တပ်တောင်ကျော်လမ်း၊ မအီကျော်လမ်း၊ ရိုးကျော်လမ်း၊ ကဇူးကိုင်းသွားလမ်း၊ အမ်းချောင်း ဒေသပတ်ဝန်းကျင်နှင့် ဥယျာဉ်ခြံမြေများတွင် စစ်ကြောင်းချနေထိုင်ခဲ့ပြီး မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သည်ဟု သိရသည်။
အလားတူ သူတို့ နောက်ဆုတ်ထွက်ပြေးစဉ်ကလည်း လမ်းတစ်လျှောက် မြေမြှုပ်မိုင်းများ အထပ်ထပ် ထောင်ထားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယင်းအပြင် ထွက်ပြေးစဉ်က မသယ်နိုင်ခဲ့သည့် စက်ကျန်လက်နက်နှင့်မိုင်းများကိုလည်း ဥယျဉ်ခြံမြေများတွင် မြှုပ်နှံထားမှုနှင့် စွန့်ပစ်ခဲ့မှုများလည်းရှိခဲ့ကြောင်း ဥယျာဉ်လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
အမ်းဒေသခံများမှာ ဘိုးဘွားစဉ်ဆက်ကတည်းက ဥယျာဉ်ခြံလုပ်စားလာခြင်းဖြစ်ပြီး မိမိဒေသထွက် သီးနှံများကို အားကိုးစားသုံးခဲ့ရသည့်အတွက် ယခုအချိန်တွင် စစ်ကောင်စီထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကြောင့် ဥယျာဉ်လုပ်ငန်းများကို စွန့်လွှတ်ထားရသည်ဟု အမ်းမြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ဟိုးအရင်ကတည်းက ဥယျာဉ်ခြံတွေစိုက်စားတာ။ လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့တဲ့မြို့နယ်လည်း ဖြစ်တယ်။ သီဟိုဠ်ခြံတွေလည်း ပေါတယ်။ အသီးအနှံလည်း ပေါတယ်။ အခု အဲဒီဥယျာဉ်တွေက မြက်တောတွေဖုံးဖိပြီး စွန့်ပစ်ထားရတော့ ပျောက်တောင်ပျောက်နေကြပြီ။ မြက်လည်း မခုတ်ရဲ၊ ခြံကိုလည်း မဝင်ရဲတော့ ဒီအတိုင်း ပစ်ထားရတယ်။ မိုင်းမရှင်းလင်းရသေးတော့ ဘာမှမလုပ်နိုင်သေးပါဘူး" ဟု ပြောသည်။
နပခတည်ရှိခဲ့သည့်အတွက် အမ်းမြို့နယ်တစ်ခုလုံးတွင် အခြားမြို့နယ်များထက် စစ်ကောင်စီတပ်က မိုင်းထောင်မှုများခဲ့ပြီး လက်ရှိတွင် အာရက္ခတပ်တော်(AA)ကလည်း မြို့နယ်တစ်ခုလုံးကို မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များ မပြီးစီးနိုင်ဖြစ်နေသေးကြောင်း AA နှင့်နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"တခြားမြို့မှာ မိုင်းတွေဖော်ထားတာ အမ်း နပခရဲ့ ဘေးပတ်ဝန်းကျင်အဆင့်လောက်သာရှိတယ်။ နပခ ပတ်ဝန်းကျင်နဲ့ အထဲမှာ အထပ်ထပ်ပဲထောင်ထားတာ။ မိုင်းရှင်းလင်းရေးတွေကတော့ လုပ်လို့ရှိတယ်။ ဒါပေမယ့် ဒီဥယျာဉ်ခြံတွေနဲ့ လမ်းတွေကို ရှင်းဖို့မလွယ်သေးဘူး။ ရှင်းတော့ ရှင်းပေးနေကြပါတယ်" ဟု ပြောသည်။
အမ်းမြို့နယ်တစ်ခုလုံးကို AA က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်
ခဲ့သည်။
အမ်းမြို့နယ်အတွင်းတွင် ယခုနှစ် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေနှင့် ဇွန်လများ၌ မိုင်းနင်းမိ၍ အရပ်သားသေဆုံး၊ ဒဏ်ရာရမှုများလည်း ရှိခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၃ ရက်၊ နေ့လယ်ကလည်း အမ်းမြို့နယ်၊ ဆူးပုတ်ပျဉ်းတောရွာမှ ဝါးသွားခုတ်သည့် အမျိုးသားတစ်ဦးသည် ပူလောင်တောင်ခြေရင်းတွင် မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက် ခြေမျက်စိအောက်မှ ပြတ်ထွက်သွားခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ ၂ဝ ရက်၊ ညနေပိုင်းကလည်း အမ်းမြို့နယ်အတွင်း တောင်ပေါ်တွင် သရက်သီးသွားခူးသည့် လူငယ်တစ်ဦး ဘယ်ဘက်ခြေထောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ဧပြီလ ၂၅ ရက်ကလည်း အမ်းမြို့နယ်၊ ဆင်ခုံတိုင်ရွာမှ ဦးမောင်စံ(၅၆) နှစ်သည် ယာခင်းသို့သွားစဉ် မြောင်ထဲတွင် မိုင်းနင်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၁၂ ရက်ကလည်း အမ်းမြို့နယ်၊ ပြုတ်ကျွန်းကျေးရွာမှ အမျိုးသားတစ်ဦးသည် လုံးရွာဟောင်းဖက်သို့ ထင်းခွေသွားစဉ် မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားခဲ့သလို မျက်နှာတွင် လည်း မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည်။
ဖေဖော်ဝါရီလ ၁၆ ရက်ကလည်း အမ်းမြို့နယ်၊ တပ်တောင်မြို့အနီး Telenor တာဝါတိုင်ရှိသည့်တောင်တွင် ပိန္နဲသီးခူးရန်သွားရောက်စဉ် မိုင်းနင်းမိ၍ လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။







