အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက် ဖရုံကာကျွန်း၊ ဆံတော်ရှင် ဘုရားအနီး၌ သတင်းထုတ်ပြန်မှု တစ်စုံတစ်ရာ မလုပ်ဘဲ စစ်ရေးလေ့ကျင့်မှု တိတ်တ ဆိတ် ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
မျက်မြင် ဒေသခံတစ်ဦးက “သြဂုတ် ၂၀ နေ့က နေဗီတွေဟာ ဆံတော်ရှင်ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှု တစ်ခု ပြုလုပ်သွားတယ်။ နေဗီ ၇ စီးလောက်ပါတယ်။ ကျွန်းပေါ်ကနေမြင်ရတယ်။ စစ်ရေးလေ့ကျင့်မှုလုပ်တဲ့ အခါ ပစ်ခတ်မှုတွေပါ လုပ်သွားတာကိုတွေ့ရပါတယ်” ဟု ပြောသည်။
ဩဂုတ်လ ၂၀ ရက်နေ့ ပြုလုပ်ခဲ့သည့် အစစ်ရေးလေ့ကျင့် ပစ်ခတ်မှုတွင် စစ်တွေအခြေစိုက် ရေတပ်သင်္ဘောများ သာမက ကျောက်ဖြူ သစ်ပုတ်တောင် ရေတပ်ဌာနချုပ်မှ လာသော တိုက်ရေယာဉ်များလည်း ပါဝင်ကြောင်း ဆိုသည်။
ယခု စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်၍ စစ်အုပ်စုတပ်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိဘဲ ပြုလုပ်ခဲ့သဖြင့် ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့ရသည်။
“ဒီလိုစစ်ရေးလေ့ကျင့်မှု လုပ်ပြီး ပစ်ခတ်မူရှိခဲ့တဲ့ အတွက် ဒေသခံတွေက စိုးရိမ်မှုရှိပါတယ်။ ပေါက်တောမြို့ နယ် ဖရုံကာ ၃ ကျွန်းလုံးက ဒေသခံပြည်သူတွေက ရေလုပ်ငန်းကို လုပ်ကိုင်ကြသူတွေ များတော့ ပင်လယ်ထဲမှာ နေဗီတွေလာပြီး ပစ်ခတ်မှုတွေ ပြုလုပ်တော့ ကြောက်လန့်ခဲ့ရပြီး စိုးရိမ်စိတ်တွေ ရှိခဲ့ရတယ်” ဟု အဆိုပါ မျက်မြင်ဒေသခံက ဆက်ပြောသည်။
စစ်တွေနှင့် ကျောက်ဖြူကြားရှိ ပင်လယ်ပြင်တွင် စစ်အုပ်စု၏ တိုက်ခိုက်ရေး ရေတပ်သင်္ဘောများ စစ်ရေးလှုပ် ရှားမှု ပိုမိုပြုလုပ်လာသည်ကို ယခင်ကထက် ပိုမိုတွေ့ရှိလာရကြောင်း ဒေသခံများက ပြောသည်။
စစ်အုပ်စုသည် အမ်းမြစ်ကြောင်းဝ၊ မြေပုံပင်လယ်၊ ကျောက်ဖြူ၊ ပေါက်တော၊ စစ်တွေနှင့် မောင်တောအထိ ရေလမ်းကြောင်း ထိန်းချုပ်မှုကို ပိုမိုလုပ်ဆောင်လာသဖြင့် ဒေသခံများအနေဖြင့် ရေလမ်းကြောင်း သွားလာလို ပါက အဓိက သတိထားသွားလာကြရန် တာဝန်ရှိသူများက တိုက်တွန်းထားကြောင်း ပေါက်တော ဒေသခံတစ်ဦး က ဆိုသည်။
ပေါက်တော ဒေသခံတစ်ဦးက “နေဗီတွေကတော့ မြစ်ထဲထိ ဝင်ရောက်သွားလာတာမျိုးတော့ မရှိဘူး။ တချို့ နေဗီတွေက မြစ်ဝတွေကို ဖြတ်ပြီး အသွားအလာ လုပ်တာတွေမျိုးတော့ ရှိတယ်။ ဒါပေမယ့် မြစ်၀တွေမှာ ညအချိန်လာပြီး ကျောက်ချပြီး ညအိပ်တာတွေလည်း တွေ့ရတယ်။ အခုလို နေဗီတွေ အသွားအလာရှိတဲ့ အတွက် အဓိက ပေါက်တောမြို့နယ်က ဖရုံကာ ၃ ကျွန်းက ရေလုပ်ငန်းလုပ်နေတဲ့ လူတွေရဲ့ အသွားအလာ သတိထားဖို့ကို နီးစပ်တဲ့ ဌာနဆိုင်ရာကလည်း သတိပေးထားပါတယ်” ဟု ပြောသည်။
စစ်အုပ်စု၏ ရေတပ်သင်္ဘောများသည် ရခိုင်ဒေသခံများ အဓိက သွားလာနေရသည့် နေရာများသို့ ရှောင်တခင် အလစ်အငိုက် ဝင်ရောက်လာကာ ငါးရှာ၊ ခရီးသွား စက်လှေများကို ပစ်ခတ် ဖမ်းဆီးမှုများလည်း ရှိနေသည်။







