ရွာငံမြို့နယ် ကျေးရွာများထဲ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ဝင်ရောက်ပြီး ဒေသခံများကိုခြိမ်းခြောက်

ရွာငံမြို့နယ် ကျေးရွာများထဲ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ဝင်ရောက်ပြီး ဒေသခံများကိုခြိမ်းခြောက်

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပျူစောထီးများ ဝင်ရောက်လာပြီး ဒေသခံများကို ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (ဇူလိုင်လ ၁၇ ရက်) နံနက် ၈ နာရီကျော်တွင် ရွာငံမြို့နယ် စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးများသည် စစ်ကောင်စီတပ်သားများကို ခေါ်၍ မြို့အနောက်ဘက်ရှိ ကျေးရွာများထဲ ပြည်သူများကို တစ်အိမ်တက်ဆင်း လိုက်လံဖမ်းဆီးကာ ကျေးရွာစာသင်ကျောင်းအတွင်း ထိုင်ခိုင်းထားပြီး ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရုတ်တရက် စစ်သားတွေ ဝင်လာတော့ အကုန်လန့်ကုန်ကြတာ၊ ပေါ်တာဆွဲတယ်လို့ ကြားတော့ ပြေးပုန်းတဲ့ သူကပုန်း။ မပုန်းတဲ့ သူတွေက အဖမ်းခံထိတာပေါ့။ သူတို့ကို စာသင်ကျောင်းဆီ ခေါ်သွားပြီး ခြိမ်းခြောက်တာတဲ့။ ရွာက ပျူစောထီးကို ကာကွယ်ပေးဖို့ ပြောတာ၊ ပျူစောထီး တစ်ခုခုဖြစ်ရင် ရွာကလူတွေ မသက်သာဘူး ဘာညာနဲ့ ပြောသွားတာ။ ပျူစောထီးစကားတွေ နားထောင်ရမယ်တဲ့” ဟု ဖြစ်စဉ်သိရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပျူစောထီးများမှ ခေါ်လာသည့် စစ်ကောင်စီတပ်သားများသည် ကား ၃ စီး၊ အင်အား ၄၀ ဝန်းကျင်ဖြင့် ရောက်လာကာ ဒေသခံ ဆိုင်ကယ်များယူ၍ ပြည်သူများကို တစ်အိမ်တက်ဆင်း လိုက်လံဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ခြိမ်းခြောက်မှုများလည်း ပြုလုပ်သောကြောင့် ဒေသခံများ ကြောက်လန့်ကာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

“အရမ်းလန့်သွားတာပဲ၊ ကြောက်လွန်းလို့ ဘာပြောရမှန်းတောင် မသိဘူး။ သူတို့က ရုတ်တရက် သေနတ်တွေနဲ့ ဝင်လာတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ ငိုတဲ့ သူက ငိုနဲ့၊ ကိုယ့်သားသမီးတွေ ကလေးတွေ ပေါ်တာဆွဲသွားမလား ဆိုပြီး အရမ်းကြောက်နေတာ” ဟု အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင်လည်း ရွာငံမြို့နယ် တပင်ပျော်ကျေးရွာတွင် ဘုန်းကြီးတစ်ပါး ပျောက်ဆုံးခဲ့ပြီး ထိုနေ့မှစ၍ စစ်ကောင်စီ တပ်သားများသည် အင်အားအလုံးအရင်းဖြင့် ကျေးရွာများအတွင်းသို့ ဝင်ရောက်စီးနင်းနေပြီး နေ့စဉ်နီးပါး စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။

April 21, 2026
သျှမ်းပြည် တောင်ကြီး၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ့်အတွင်းရှိ ပုံးအင်းဒေသတွင် ခရုနီများ...
April 20, 2026
စိုင်းခွမ်မိန်း —မြန်မာနှစ်သစ်ကူးရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကျဉ်းထောင် အသီးသီးရှိ...
April 11, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း...
April 10, 2026
စိုင်းခွမ်မိန်း —သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်...