ကားမိုင်း – ဖားကန့်လမ်း KIA ပြန်လည်ဖွင့်ပေး

ကားမိုင်း – ဖားကန့်လမ်း KIA ပြန်လည်ဖွင့်ပေး

ကားမိုင်း – ဖားကန့်လမ်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ထားတဲ့ လမ်ပိုင်းနေရာတစ်ချို့ ရှင်းလင်းရေးဆောင်ရွက်ကာ ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့ကစတင်ပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။

မြစ်ကြီးနား –  မိုးကောင်းဘက်ကနေ ဖားကန့်ကို တက်လို့ရတဲ့ ကားလမ်းမကြီးကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာကတည်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် နှစ်ဖက်စလုံးက လမ်းပိုင်းအားလုံးကို ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ထားတဲ့ ကားမိုင်း– မအူပင်ကျေးရွာအကျော် အွမ်ကထောင်ကျေးရွာကနေ နန့်ယား၊ ဆိုင်းဖရာ၊ ခွန်စိုင်ဇွပ်၊ ကပ်မှော်၊ တံတားညီနောင်၊ နန့်တိန့် အနီးတဝိုက်အထိ လမ်းကြောင်းအားလုံးကို ဒီကနေ့က စတင်ပြီး ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“ကျနော် သိရသလောက်ဆို ဒီမနက်ကစပြီး လမ်းတွေဖွင့်ပြီ။ ကပ်မှော်၊ ဆိုင်းဖရာတစ်ကြောတပ်ရင်း ၄၄ နေရာတဝိုက် မိုင်းရှင်းလင်းရေးတွေ လုပ်နေကြပြီ။ အထက်အမိန့်ကမနေ့ကရတယ်လို့ ကြားတယ်။ KIA ဘက် ဂိတ်ထိုင်ပြီး အရမ်းကြီး စစ်ဆေးမေးမြန်းဖို့ အရမ်းကြီးတော့

လုပ်ဖို့ အနေအထားတော့မတွေ့ရဘူး။ အဓိကတော့ မှတ်ပုံတင်၊ ကိုယ်နေထိုင်တဲ့နေရာကအချက်အလက် ထောက်ခံစာပြရင် ရပြီလို့ထင်ပါတယ်” လို့ ပြောပါတယ်။

ကားမိုင်း – ဖားကန့်လမ်းကို အသုံးပြုပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် KIA နဲ့ စစ်ကောင်စီတပ်တွေကြား လမ်းပိုင်းတစ်လျှောက် စစ်ရေးတင်းမာမှုဖြစ်နေတာ တစ်လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

ဒါ့အပြင် ဖားကန့်မြို့ထဲ ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ မော်မောလယန်နဲ့ ရှရော်ခ စတဲ့ ကျေးရွာတွေမှာ တိုက်ပွဲအရှိန်မြင့်မားနေဆဲဖြစ်ပါတယ်။

အခုလို ဖားကန့်ဒေသထဲ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အချိန် KIA ဘက်က လမ်းပိုင်းဖြေလျှော့လိုက်တာနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရသေးတာလည်း ဖြစ်ပါတယ်။

ဖားကန့်မှာ တိုက်ပွဲစတင်ဖြစ်ပွားလာကတည်းက လဝါး – ကားမိုင်းကနေ မအူပင်အထိ၊ နန့်တိန့်ကျေးရွာကနေ ဖားကန့်မြို့ဝင် ယမ်းချက်စက်ရုံနဲ့ လုံးခင်းကျေးရွာအထိ လမ်းပိုင်းအားလုံးကို စစ်ကောင်စီတပ်တွေ လမ်းပိုင်းထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက နန့်ယားကျေးရွာကနေ နန့်တိန့်အနီးတဝိုက်အထိ လမ်းပိုင်းထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ ထိန်းချုပ်ခဲ့တဲ့ လမ်းပိုင်းနေရာတွေကို ပြီးခဲ့တဲ့ မေလကတည်းက ဖြေလျှော့ထားတယ်လို့ လည်း ဆက်သိရပါတယ်။

ဖားကန့်ဒေသထဲကို ကုန်စည်အဓိက စီးဆင်းနေတဲ့ ကားမိုင်း – ဖားကန့်လမ်းကို နှစ်ဖက်စစ်တပ်ရဲ့ ပိတ်ဆို့မှုတွေကြောင့် အင်းတော်ကြီး – ဂွေခါလမ်းတစ်ခုတည်းသာ ကုန်းကားအဝင်အထွက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ယခုရက်ပိုင်းအတွင်းမှာ အင်းတော်ကြီး – ဖားကန့် ဂွေခါလမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်၊ ရှမ်းနီ SNA ပူးပေါင်းတပ်တွေနဲ့ KIA တပ်တွေကြား တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။

ဒါကြောင့် ကားမိုင်း – ဖားကန့်လမ်းကို ပြန်လည်အသုံးပြုဖို့ KIA ဘက်က ဖွင့်လိုက်တာဖြစ်နိုင်တယ်လို့ ပြည်သူတွေက သုံးသပ်နေကြပါတယ်။

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...