ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင်း အခြေစိုက် ခ.လ.ရ ၄၆ တပ်ထဲမှာ လက်နက်ခဲယမ်းတွေဖြည့်တင်ပြီးနောက် စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်ဘက်ကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်မှာ ပူတာအို ခ.လ.ရ ၄၆ တပ်ထဲကို လက်နက်၊ ခဲယမ်းတွေ ဖောကား ၉ စီးနဲ့ တင်ပို့ပြီးနောက် ယခုဒုတိယအပတ်မှာ ဆွမ်ပရာဘွမ်ဘက်ကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားမှု စတင်လာတာလို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
“ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့လောက်ကဖြစ်မယ် ဖောကား ၉ စီးနဲ့ ကျည်ဆံတွေသေနတ်တွေ ကား ကိုးစီး အပြည့်နဲ့ တင်ပြီး ၄၆ တပ်ထဲ သွားပို့တာ ရောက်တာက လေကြောင်းနဲ့ရောက်လာတာ အဲ့တာကို ကားနဲ့တစ်ဆင့် တပ်ထဲ ပြန်သယ်တာ။ ညမှာတောင်မဟုတ်ဘူး နေ့ခင်းမှာ သယ်တာကားနဲ့ နည်းတဲ့ လက်နက်ခဲယမ်းမဟုတ်ဘူး သယ်သွားတာ” လို့ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။
ခလရ ၄၆ တပ်ထဲ လက်နက်ခဲယမ်းတွေရောက်ပြီးနောက် နှစ်ရက်ခန့်အကြာမှာတော့ လက်နက်ခဲယမ်းတွေ အများအပြားတင်ထားတဲ့ ကားနှစ်စီးနဲ့ စစ်သားတစ်ချို့ လုံရှာယာန်၊ ဆွမ်ပီယာန်ဘက်ကို စစ်ကြောင်းထိုးသွားပြီးနောက် ဆွမ်ပရာဘွမ်ဘက် အခုလို စစ်ရေးလှုပ်ရှားလာတာလို့သိရပါတယ်။
“အဲ့ဒီလက်နက်ခဲယမ်းတွေရောက်ပြီး သိပ်မကြာဘူးပဲ တန်ဂျာ၊ ဆွမ်ပီယာန်ဘက် တောက်လျှောက် စစ်ကြောင်းထိုးနေတာ သူတို့က ဟိုဘက် ဆွမ်ပီယာန်ဘက်ကို ဝင်ချင်တာထင်တယ်။ ဒါပေမယ့် ဒီဘက် ကာကွယ်ရေးတပ်တွေကလည်း အဝင်မခံဘူး။ ဆွမ်ပီယာန်ချောင်းဟိုဘက်ကမ်းမှာက ကလေးတွေ (ပူတာအို pdf)
တွေရှိတယ်” လို့ အထက်ဖော်ပြပါအမျိုးသားက ဆက်ပြောပါတယ်။
လက်ရှိ ကာကွယ်ရေးတပ်တွေ ထိုင်ထားတဲ့ ဆွမ်ပရာဘွမ်မြို့နဲ့ တဆက်တည်းရှိနေတဲ့ ဆွမ်ပီယန်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက စစ်ကောင်စီတပ်တွေ ခြေကုပ်ယူ တပ်ထိုင်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် အဲ့ဒီဆွမ်ပီယန်မှာရှိနေတဲ့ စစ်ကောင်စီစစ်သားတွေနဲ့ ပူတာအို ခ.လ.ရ ၄၆ တပ်ထဲက ဆင်းလာတဲ့ စစ်ကောင်စီတပ်တွေ ပူးပေါင်းပြီး ဆွမ်ပရာဘွမ်ဘက်ကို စစ်ကြောင်း နှစ်ကြောင်းထိုးလာပေမယ့် လက်ရှိအချိန်ထိ ဆွမ်ပရာဘွမ်မြို့နယ်ထဲကို ထိုးဖောက် ဝင်ရောက်နိုင်တာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဆွမ်ပရာဘွမ်ဘက်ကို မြေပြင်ကနေ စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတဲ့အချိန် ဆွမ်ပီယာန်ကျေးရွာမှာ ထိုင်ထားတဲ့လက်နက်ကြီးတပ်က ဆွမ်ပရာဘွမ်ဘက်ကို ဆက်တိုက် ပစ်ခတ်တာမျိုး ရှိနေတယ်လို့ သိရပါတယ်။
ဒီရက်ပိုင်းအတွင်း စစ်ကြောင်းထိုး လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ KIA၊PDF ပူးပေါင်းတပ်တွေကြား တစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးနဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြတာမျိုးတွေ ရှိတယ်လို့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက KNG ကို အခုလို ပြောပါတယ်။
“အခုလောလောဆယ် နှစ်ဖက်တိုက်ပွဲတော့မရှိဘူး။ ဟိုနေ့ တန်ဂျာမှာ တစ်ခါဖြစ်တယ်။ အခြေအနေက နှစ်ဖက် လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်ကြတဲ့ခြေနေတော့ရှိတယ်” လို့ သူက ပြောပါတယ်။
တန်ဂျာကျေးရွာအနီးက နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိသွားကြောင်း သူကဆက်ပြောပါတယ်။
ပူတာအို – မြစ်ကြီးနားလမ်းပိုင်း ခရီးသွားတစ်ဦးက “လမ်းမှာ အခြေအနေမကောင်းဘူး။ တိုက်ပွဲဖြစ်ဖို့များတယ်။ ဆွမ်ပီယာန် ဒီဘက်ဆွမ်ပရာဘွမ်သွားတဲ့လမ်းမှာ စစ်သားတွေ လမ်းပေါ်ရောက်နေတယ် သုံးလေးရက်ရှိပြီ။ တိုက်ပွဲဖြစ်မယ့်ပုံပဲ လမ်းက ပိတ်လာနိုင်တယ်ဗျ အခြေအနေကြည့်ရတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အခုလိုဆွမ်ပရာဘွမ်ဘက် စစ်ကြောင်းထိုးလာနေတဲ့အတွက် နှစ်ဖက် တိုက်ပွဲဖြစ်ပွားပြီး ကားလမ်းပိုင်း ပိတ်စို့သွားမှာကို ဒေသခံတွေ အထူးစိုးရိမ်နေကြောင်း သိရပါတယ်။
ပူတာအို မြစ်ကြီးနားကားလမ်းပိုင်းထဲက ဆွမ်ပရာဘွမ်မြို့ကို KIA၊PDF ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလမှာ သိမ်းပိုက်ခဲ့ပြီး လက်ရှိ KIA ဘက်ကမြို့ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ဆွမ်ပရာဘွမ်မြို့သိမ်းခံရပြီးနောက် လအနည်းငယ်အကြာမှာပဲ စစ်ကောင်စီဟာ ဆွမ်ပရာဘွမ်နဲ့ ပူတာအိုမြို့ကြားထဲက လုံရှာယာန်၊ ဆွမ်ပီယာန်နဲ့ တန်ဂျာကျေးရွာသုံးရွာမှာ ဦးတန်ဂူးတန် ပြည်သူ့စစ်တပ်ဖွဲ့နဲ့ ပေါင်းပြီး ခြေကုပ်ယူ တပ်ထိုင်လာတာ ဖြစ်ပါတယ်။







