ရေနစ်မြုပ်မှုကြောင့် လယ်ဧကပျက်စီးမှု များ၍ ရခိုင်တောင်သူများ အခက်ကြုံ

ရေနစ်မြုပ်မှုကြောင့် လယ်ဧကပျက်စီးမှု များ၍ ရခိုင်တောင်သူများ အခက်ကြုံ

မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ရေနစ်မြုပ်မှုကြောင့် ထွန်ယက်စိုက်ပျိုးပြီး လယ်ဧက အများအပြား ပျက်စီးသွားသဖြင့် ရခိုင်တောင်သူများမှာ အခက်အခဲများ ကြုံတွေ့နေကြရသည်။

ဇွန်လဆန်းပိုင်းမှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်ပြည်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြားမြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ကာ လယ်ဧကသောင်းနှင့်ချီ ရေနစ်မြုပ်ခဲ့သည်။

ရေနစ်မြုပ်မှုဒဏ်ခံခဲ့ရသော စပါးပင်များမှာ လသားအရွယ်မျှသာ ရှိသေး၍ ပျက်စီးဆုံးရှုံးမှုများနိုင်ကြောင်း တောင်သူများက ပြောဆိုကြသည်။

"လယ်ထွန်ခတွေ၊ မျိုးစပါးတွေလည်း မရနိုင်တော့ဘူး။ ရှိတာတွေလည်း အကုန်လုံး ကြဲထားကြပြီ။ ပြန်ထွန်ပြီး ကြဲကြရမှာဆိုတော့ ထွန်ခတွေ ကုန်နိုင်တယ်။ အလုပ်သမားခတွေ ကုန်နိုင်တယ်။ စက်သမားတွေလည်း ပထမ ထွန်ထားတုန်းကထက် တိုးပြီး တောင်းလာနိုင်တယ်" ဟု ကျောက်တော်မြို့နယ်မှ လယ်သမား ဦးမောင်ကြီးယေ က ပြောသည်။

ရခိုင်တောင်သူများမှာ ဓာတ်မြေဩဇာဈေးနှုန်းမြင့်တက်မှု၊ သွင်းအားစုစရိတ်ကြီးမြင့်မှုစသည့် အခက်အခဲများကြားမှ မိုးစပါးထွန်ယက် စိုက်ပျိုးခဲ့ကြခြင်းဖြစ်ပြီး ရေနစ်မြုပ်မှုနှင့် ကြုံတွေ့ခဲ့ရ၍ နစ်နာမှုများဖြစ်ပေါ်နေကြသည်။

ယခုနှစ် လယ်တစ်ဧက စိုက်ပျိုးစရိတ်မှာ ငွေကျပ် ၆ သိန်းမှ ၁၀ သိန်းကြား ကုန်ကျမှုရှိပြီး ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်ဧကများ ပြန်လည်ထွန်ယက်စိုက်ပျိုးရန် စိန်ခေါ်မှုများ ရှိနေကြသည်။

ရေနစ်မြုပ်မှုဒဏ်ကြောင့် ပျက်စီးသွားသော လယ်ယာများကို အပြည့်အဝ ပြန်လည်ထွန်ယက်စိုက်ပျိုးရန် မသေချာတော့ကြောင်း မြောက်ဦးမြို့နယ်မှ လယ်သမား ဒေါ်သိန်းသိန်းအေးက ပြောသည်။

"ပျက်သွားရင် တတ်နိုင်သလောက်ပဲ လုပ်ရတော့မယ်။ မတတ်နိုင်တော့တဲ့ သူတွေဆိုရင်လည်း ချေးငှားပြီးတော့ မလုပ်နိုင်ကြတော့ဘူး။ အကြွေးတွေပဲ ထပ်တော့မယ်။ လယ်သမားတွေမှာတော့ အခက်ခဲတွေ အများကြီးပဲ။ စရိတ်စခတွေလည်းကြီးတော့ လယ်သမားတွေမှာ လိုက်မမှီနိုင်တော့ဘူး။ မိသားစုစားဝတ်နေရေးက တမျိုးဆိုတော့ ရတာနဲ့ ကုန်တာက မမျှဘူးဖြစ်နေကြတယ်" ဟု ဒေါ်သိန်းသိန်းအေးက ပြောသည်။

လက်ရှိ လယ်ဧက ပျက်စီးမှုအရေအတွက်ကို အတိမကျမသိနိုင်သေးသော်လည်း ရက်ကြာရှည် ရေနစ်မြုပ်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုများနိုင်ကြောင်း တောင်သူများက ခန့်မှန်းထားကြသည်။

တောင်သူများမှာ ပျက်စီးသွားသော စပါးပင်များကို ပြန်လည်စိုက်ပျိုးရန် အခက်အခဲများရှိနေသဖြင့် အာရက္ခ ပြည်သူ့အစိုးရအနေဖြင့် တတ်နိုင်သမျှ ကူညီပေးရန်မျှော်လင့်နေကြသည်။

ရခိုင်တွင် မိုးရာသီကာလရောက်တိုင်း ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့လာရပြီး နှစ်စဉ် လယ်ဧက သောင်းနှင့်ချီ ပျက်စီးဆုံးရှုံးနေရသည်။ ပြီးခဲ့သည့် နှစ်ကလည်း ရေနစ်မြုပ်မှုကြောင့် လယ်ဧက သုံးသောင်းကျော်မှာ ပျက်စီးသွားခဲ့သည်။

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...