စစ်ကောင်စီကြောင့် တစ်လအတွင်း အမျိုးသမီး ၃၄ ဦး သေဆုံးခဲ့ဟု မြန်မာ့အမျိုးသမီးသမဂ္ဂပြော

စစ်ကောင်စီကြောင့် တစ်လအတွင်း အမျိုးသမီး ၃၄ ဦး သေဆုံးခဲ့ဟု မြန်မာ့အမျိုးသမီးသမဂ္ဂပြော

စစ်ကောင်စီကြောင့် ပြီးခဲ့သည့် ဇွန်လအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အမျိုးသမီး ၃၄  ဦး သေဆုံးခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union-BWU)က ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန် ပြောဆိုသည်။

ယခင်လ ဇွန်လအတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်မှုများအပြင် အကြောင်းအမျိုးမျိုးပြ သတ်ဖြတ်ခြင်းများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု BWU က ထုတ်ပြန်ထားသည်။  

၎င်းအပြင် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီး ၄၉ ဦး ရှိသည်ဟုလည်း ထုတ်ပြန်ချက်စာရင်း၌ ဖော်ပြထားသည်။

ထုတ်ပြန်ချက်အရ ယခုလို သေဆုံးခဲ့သူ အမျိုးသမီးအများစုမှာ စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် မှုကြောင့် ၁၈ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၁ ဦး၊ အကြောင်းမဲ့သတ်ဖြတ်မှုကြောင့် ၁ ဦးနှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံးခဲ့ရသူ အမျိုးသမီး ၂ ဦးရှိခဲ့ပြီး ထိုအထဲတွင် လေးဦးမှာ အသက်(၁၈) နှစ်အောက် အမျိုးသမီးငယ်များ ဖြစ်ကြသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၄၉ ဦးထဲတွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၀ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၄ ဦး၊ ကျဉ်ထိမှန်မှုကြောင့် ၂ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁ ဦး၊ ရိုက်နှက်ခံရမှုကြောင့် ၁ ဦးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ၁ ဦးတို့ ဖြစ်ကြောင်း BWU က ပြောသည်။

“အကြမ်းဖက်မှုတွေလည်း တိုးလာသလို လူ့အခွင့်အ‌ရေးချိုးဖောက်ခံရမှုတွေအတွက် တာဝန်ယူမှု တာဝန်ခံတွေ မရှိတာတွေ့ရတယ်။ ခုလက်ရှိ နိုင်ငံအတွင်း တရားရေး ယန္တရားတွေက ပျက်ပြားနေတယ်။ ဒါကြောင့် ကျူးလွန်ခံရသူတွေအတွက် တန်းတူညီမျှမှုရှိပြီး တရားမျှတမှုရှိတဲ့ တာဝန်ယူမှု တာဝန်ခံမှုနဲ့အတူ ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ပေးဖို့ လိုအပ်တယ်” ဟု BWU တွဲဖက်အတွင်းရေးမှူး မဝေက ကေအိုင်စီသို့ ပြောသည်။

ထိုသေဆုံးခဲ့သည့် အမျိုးသမီးများထဲ၌ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၇ ဦး၊ ရခိုင်ပြည်နယ်တွင် ၄ ဦး၊ ပဲခူးတိုင်းတွင် ၃ ဦး၊ မွန်ပြည်နယ်တွင် ၁ ဦး၊ ကချင်ပြည်နယ်တွင် ၄ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှာ ၅ ဦးစီဖြစ်ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလတွင်လည်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၉၂ ဦး သေဆုံးခဲ့ပြီး  ၈၁ ဦး ဒဏ်ရာရရှိခဲ့သည်။ အမျိုးသမီးများ ထိခိုက်ဒဏ်ရာရ သေဆုံးမှု စာရင်းကို လွတ်လပ်သည့် သတင်းဌာနများနှင့် ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုစည်းကောက်နုတ်ထားခြင်း ဖြစ်ပြီး မြေပြင် ပကတိအခြေအနေမှာ ယခုထက်ပိုများနိုင်သည်ဟု BWU က ပြောသည်။

အမျိုးသမီးများ သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ၏ ကောက်နုတ်ချက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဇွန် ၃၀ ရက်နေ့အထိ နိုင်ငံတဝှမ်း၌ စစ်အုပ်စု၏ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂၅၉ ဦးသေဆုံးခဲ့ရကြောင်း ဇူလိုင် ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

(BWU)ကို ထိုင်း-မြန်မာနယ်စပ်ရောက် ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုအတွင်း ပါဝင်ခဲ့သည့် အမျိုးသမီး ခေါင်း ဆောင်များက အလွှာပေါင်းစုံမှ အမျိုးသမီးများ၏အသံကို ဖော်ထုတ်နိုင်ရမည်ဟူသည့် ရည်ရွယ်ချက်ဖြင့် ၁၉၉၅ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

BWU သည် လစဉ်အမျိုးသမီးဆိုင်ရာ သတင်းများ၊ သုံးသပ်ချက်များနှင့် အမျိုးသမီးအလုပ်သမားရေးရာနှင့် ပတ်သက်သည့် အစီရင်ခံစာများကို အလျင်းသင့်သလို ထုတ်ပြန်လေ့ရှိသည့် အဖွဲ့ဖြစ်သည်။ 

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...