ကချင်ပြည်နယ်မှာ ငှက်ဖျားအဖြစ်များနေပြီး ဆေးဝါးပြတ်လပ်၊ ဝယ်ယူရရှိဖို့အတွက်လည်း အဖက်ဖက်မှာ ခက်ခဲနေ

ကချင်ပြည်နယ်မှာ ငှက်ဖျားအဖြစ်များနေပြီး ဆေးဝါးပြတ်လပ်၊ ဝယ်ယူရရှိဖို့အတွက်လည်း အဖက်ဖက်မှာ ခက်ခဲနေ

ကချင်ပြည်နယ်အတွင်းက မြို့နယ်အများပိုင်းမှာ ငှက်ဖျားရောဂါဖြစ်ပွားမှုတွေ များနေပြီး  ဆေးဝါးပြတ်လပ်မှုတွေ ကြုံနေရတယ်လို့ ပြည်နယ်တွင်း နယ်လှည့်ဆေးဝါးကုသမှုတွေ လုပ်ဆောင်နေတဲ့ Kachin Back Pack Health Worker ကချင်နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ကနေ သိရပါတယ်။

ငှက်ဖျားပိုးစစ်ဆေးတွေ့ရှိတာတွေ များနေပေမဲ့ ဒေသတွင်း ငှက်ဖျားဆေး ရရှိဖို့ခက်ခဲသလို ပြတ်လပ်မှုတွေ ကြုံနေရတယ်လို့ Kachin Back Pack Health Worker Team ရဲ့ တာဝန်ခံဆရာ Mr.Z က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"ငှက်ဖျားက လောလောဆယ်တော့ ဆေးဝါးပြတ်နေတယ်။ ဖြစ်တဲ့သူက တော်တော်များတယ်။ တစ်နေ့ကို ရွာတစ်ရွာမှာ အများဆုံးက ၁၀ ကျော်လောက် တွေ့နေရတယ်။ ဒါပေမဲ့ ဆေးဝါးကမလုံလောက်ဘူး။ ဝယ်မယ်ဆိုလည်းမရတဲ့ အခြေအနေဖြစ်နေတာ။ငှက်ဖျားက တော်တော်လေး မထိန်းချုပ်နိုင်တဲ့ အနေအထားဖြစ်နေပြီ။ ရွှေမှော်ထဲက လုပ်သားတွေမှာ ပိုအတွေ့များတယ်" လို့ ဆိုပါတယ်။

ငှက်ဖျားရောဂါကို ရွှေမှော်ဒေသတွေအတွင်း အများအားဖြင့်တွေ့ရှိရပြီးတော့ လူကြီးသာမက သုံးလေးနှစ်အရွယ် ကလေးငယ်တွေကအစ ငှက်ဖျားရောဂါ ဖြစ်ပွားမှုတွေ ရှိနေတာလို့ ပြောပါတယ်။

ငှက်ဖျားရောဂါဖြစ်ပွားမှုကို ဆွမ်ပရာဘွမ်မြို့နယ်မှာ အများအားဖြင့် တွေ့ရှိရပြီး အင်ဂျန်းယန်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်က ရွှေမှော်ဒေသတွေမှာသာမက တနိုင်းမြို့နယ်ဘက်မှာလည်း အတွေ့များတယ်လို့ သိရပါတယ်။

အရင်ကတော့ ကချင်ပြည်နယ်အတွင်း အသည်းမှာအောင်းတဲ့ PV ငှက်ဖျားပိုးကိုသာ အတွေ့များပေမဲ့ ဒီနောက်ပိုင်း အခုနှစ်တွေမှာတော့ PF လို့ခေါ်တဲ့ ဦးနှောက်ထဲရောက်တဲ့ ငှက်ဖျားပိုးကိုလည်း တွေ့လာရတယ်လို့  ဆိုပါတယ်။

"PF ပိုးလည်း အခုက တွေ့နေရပြီ ကချင်ပြည်နယ်ထဲမှာ။ အဓိကအခက်ခဲက ငှက်ဖျားက တခြားဆေးနဲ့ မရဘူး။ ဝမ်းပျက်အော့အန်တာတွေက ဒီဆေးနဲ့မရရင် တခြားဆေးနဲ့ရတယ်။ တခြားဆေးတွေ ရွေးလို့ရတယ်။ ငှက်ဖျားကတော့ ဒီဆေးမရရင် တခြားဆေးရွေးဖို့မရှိဘူး" လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလက ငှက်ဖျားပိုးရှိမရှိ ငှက်ဖျားလက္ခဏာရှိသူတွေရဲ့ သွေးယူပြီး အခုရေ  ၁,၃၀၀  ကျော် စစ်ဆေးတဲ့အထဲ ၈၀၀ ကျော်လောက်မှာ အသည်းအောင်းတဲ့ ငှက်ဖျားပိုး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလည်း နယ်လှည့်ဆေးကုရာမှာ တစ်နေ့အတွင်း အဖျားရှိသူ အယောက် ၁၀၀ ကိုစစ်ရင် ၃ ယောက်ကတော့ ငှက်ဖျားပိုး တွေ့နေရတာလို့ ပြောပါတယ်။

ငှက်ဖျားပိုးရှိနေပေမဲ့ RDT စစ်တံတွေနဲ့ စစ်တဲ့အချိန်မပေါ်ဘဲ သွေးထုတ်ပြီး ဓာတ်ခွဲခန်းပို့ စစ်ဆေးမှသာ ငှက်ဖျားပိုးရှိတာကို သိရတာတွေလည်းရှိနေတာကြောင့် ငှက်ဖျားလက္ခဏာဖြစ်ပြီဆိုရင် သွေးထုတ်ပြီး သေချာစစ်ဆေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ငှက်ဖျားရောဂါအတွက် ဆေးရရှိမှုကတော့ ကချင်ပြည်နယ်အတွင်းမှာတင်မဟုတ်ဘဲ နိုင်ငံတဝန်း ရရှိဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

ဆေးဝယ်ဖို့ငွေရှိရင်တောင် ဝယ်ယူလို့မရတဲ့အထိ ဆေးဝါးပြတ်လပ်မှုတွေ ကြုံနေရသလို နယ်ဒေသတွေဘက် ငှက်ဖျားဆေးရောက်ရှိမှုအခြေအနေကို တာဝန်ခံဆရာက အခုလိုပြောပြပါတယ်။

"ပိုက်ဆံရှိရင်တောင် ဝယ်ဖို့ခက်တယ်။ ငှက်ဖျားဆေးက ကုမ္ပဏီကနေထုတ်တာနဲ့ ၂ နှစ်ပဲ သက်တမ်းရှိတာ။ ဒေသဘက်ရောက်ဖို့က တစ်နှစ်ကျော်လောက်မှ ဒေသထဲရောက်လာတာ။ ကျွန်တော်တို့ လက်ထဲရောက်ပြီး ခြောက်လလောက်ဆိုတာနဲ့ ဒိတ်လွန်သွားပြီ" လို့ ဆိုပါတယ်။

ပြည်တွင်းထဲ ငှက်ဖျားဆေးရောက်ဖို့ သင်္ဘောဆိပ်တွေမှာ ပေးဆောင်ရတဲ့ အခွန်အခ များတာတွေကြောင့် ဆိပ်ကမ်းတွေမှာစုပုံနေပြီး ဆေးမရောက်နိုင်တဲ့ အခြေအနေတွေလည်း  ရှိနေတယ်လို့ သိရပါတယ်။

အရင်ကတော့ ငှက်ဖျားဆေးတွေ အခမဲ့ရခဲ့ပေမဲ့ ဒီနောက်ပိုင်းမှာတော့ ငှက်ဖျားဆေးအတွက် တစ်ဦးကို ကျပ်သုံးသောင်းနဲ့အထက် ကျသင့်နေတာလို့လည်း သိရပါတယ်။

ငှက်ဖျားရောဂါဖြစ်ပြီး အချိန်မီဆေးမသောက် ကုသမှုမခံယူရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တာကြောင့် ငှက်ဖျားလက္ခဏာတွေဖြစ်ရင် သွေးစစ်ပြီး ပိုးရှိမရှိ စစ်ဆေးဖို့အရေးကြီးသလို ခြင်ကိုက်မခံရအောင်နေဖို့ကလည်း အလွန်အရေးကြီးကြောင်း ဆိုပါတယ်။

ငှက်ဖျားဖြစ်ပွားမှုသာမက နယ်လှည့်ဆေးကုသသွားတဲ့ နေရာဒေသတွေမှာ အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ အော့အန်ဝမ်းပျက်တာတွေလည်း အဖြစ်များနေပြီးတော့ ဝက်သက်ရောဂါနဲ့ အရေးအပြားဆိုင်ရာ ရောဂါတွေ ပိုပြီးအဖြစ်များလာတာကို တွေ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီနောက်ပိုင်း ရွှေတူးဖော်မှုကထွက်တဲ့ပြဒါးတွေ ရေထဲစိမ့်ဝင်တာတွေကြောင့် အဲဒီ မြစ်ချောင်းက ရေနေသတ္တဝါတွေကို စားသုံးတဲ့ဒေသခံတွေမှာ ရောဂါအမည်မသိဘဲ ဖျားနာမှုဖြစ်တာမျိုးပါ အများအပြား တွေ့ရှိလာနေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဖွဲ့အတွင်း ငှက်ဖျားဆေးအနည်းငယ်သာ ကျန်ရှိတော့သလို ဆေးဝါးမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ ဆေးဝါးအစုံအလင် မရှိတာကြောင့် ဝယ်လို့မရတဲ့ဆေးတွေကို ရန်ကုန်၊ မန္တလေးလို မြို့တွေဘက်က မှာယူအသုံးပြုနေရတာဖြစ်ပါတယ်။

နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့အနေနဲ့ လတ်တလော ကချင်ပြည်နယ်အတွင်းက မြို့နယ် ၆ မြို့နယ်နဲ့အထက် နယ်လှည့်ပြီး အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ သွားရောက်လုပ်ဆောင်နေသလို မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာလည်း ဆေးဝါးကုသမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကားလမ်းခက်ခဲနေတဲ့ ပူတာအိုဒေသဘက်ကို ပူတာအိုမြို့အထိ လေယာဉ်နဲ့ သွားရောက်ပြီးမှ ပူတာအိုကတဆင့် ကားနဲ့သွားပြီး ကုသမှုတွေလုပ်ဆောင်နေရပြီး ပူတာအိုမြို့နဲ့အထက် ဝေးလံတဲ့ ဒေသတွေဘက်ကိုတော့ လမ်းခရီးအခက်ခဲကြောင့် သွားရောက် နိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်းမှာတော့ ငှက်ဖျားဆေးသာမက အခြားဆေးဝါးတွေလည်း ပြတ်လပ်နေတာကို ဆေးဝါးမှီဝဲနေသူတွေထံကလည်း သိရပါတယ်။

နာတာရှည်ရောဂါဖြစ်တဲ့ ကျောက်ကပ်လူနာတွေ သောက်သုံးရတဲ့ ဆေးတွေနဲ့ ဆီးချို၊ သွေးချိုရောဂါနဲ့ပတ်သက်တဲ့ ဆေးတွေလည်း ပြတ်လပ်မှုတွေ ကြုံနေရတာပါ။

ကားလမ်းပိတ်တာတွေကြောင့် ဆေးဝါးသယ်ယူရေးမှာ အခက်ကြုံရတာအပြင် လေယာဉ်နဲ့ သယ်ယူရာမှာလည်း ကုန်ကျစရိတ်တွေများပြားတာကြောင့် ဒေသတွင်း ဆေးဝါးပြတ်လပ်တာနဲ့ ဈေးမြင့်တက်တဲ့ အခက်ခဲတွေ ကြုံနေရတာဖြစ်ပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...