မန္တလေးမှာ ငလျင်လှုပ်ခတ်မှုပြီးနောက် ရောင်းဝယ်ရေးလုပ်ငန်းများရပ်နားထားမှုတွေကြောင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ အိမ်ဆောက်ပစ္စည်းများနဲ့ ဘိလပ်မြေစျေးနှူန်းများ နှစ်ဆနီးပါးမြှင့်တက်လာတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
မိုးညှင်းမြို့နယ်အတွင်းမှာ အသုံးပြုမှုအများဆုံးဖြစ်တဲ့ Crown တံဆိပ် ဘိလပ်မြေတစ်အိတ်ကို ခုနှစ်သောင်းကျပ်ထိ ဝယ်ယူအသုံးပြုနေရကြောင်း မိုးညှင်းမြို့နေ ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။
“ငလျင်မလှုပ်ခင်က ၅၅,၀၀၀ နဲ့ ဝယ်လို့ရတယ်။ ငလျင်လှုပ်ပြီးနောက်တော့ ၆ သောင်း ၇ သောင်းတွေထိ တက်လာတာ” လို့ သူကဆိုပါတယ်။
ဒါ့အပြင် အိမ်ရိုက်သံတစ်ပိဿာကို ယခင် ၁၀,၀၀၀ ကျပ်ဖြင့်သာ ဝယ်ယူရရှိနိုင်ပေမယ့် အခုရက်ပိုင်းတွေမှာ တစ်သောင်းကျော် စျေးမြှင့်တက်လာကြောင်းလည်း သိရပါတယ်။
“အိမ်တွေက ဆောက်ကြတဲ့သူတွေတော့ရှိတယ်။ အနည်းအကျဉ်းပဲ ဆောက်ကြတာ။ အရေအတွက် ဘယ်လောက်မှမများဘူး။ အဲ့တာကို ဘိလပ်မြေစျေးက ဘာလို့တက်နေလဲမသိဘူး။ သုံးတဲ့လူလည်းမရှိဘဲနဲ့ ဘိလပ်မြေတွေက ရောက်တာနဲ့ကုန်ပြီ။ အိမ်ကြီးကြီးမားမားဆောက်ကြတာလည်း မတွေ့ဘူး။ လမ်းဆိုဒ်တွေကပဲသုံးသလား ဘာလားတော့ မသိတော့ဘူးပါ့“ ဟု ၎င်းကပြောပြပါတယ်။
အဆိုပါအိမ်ဆောက်ပစ္စည်းများကို မန္တလေးမြို့ကနေ အဓိက သယ်ယူပို့ဆောင်နေတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းတွေကတည်းက မန္တလေး-ရွှေဘို-မိုးညှင်း လမ်းပိုင်းအခြေအနေ ဖြတ်သန်းသွားလာရမှု အခြေအနေခက်ခဲမှုများကြောင့် အိမ်ဆောက်ပစ္စည်းများ စျေးနှူန်းကြီးမြှင့်နေပြီဖြစ်သလို မကြာခင်ရောက်ရှိလာမယ့် မိုးရာသီတွင်လည်း ယခုထက် ပိုမိုမြှင့်တက်လာနိုင်ကြောင်း ကုန်သည်များက ပြောဆိုနေကြပါတယ်။
“နားထားကြတာပါ့ အကုန်လုံးက ဒီလို သာမန် နေစရာမရှိလို့ ဆောက်ကြတဲ့ အခြေခံမိသားစုတွေကတော့ ဘယ်ဆောက်နိုင်ကြတော့မလဲ။ ရွှေအောင်ထားတဲ့သူတွေ ကျောက်အောင်ထားတဲ့သူတွေတော့ ဆောက်ချင်ဆောက်နိုင်ကြမှာပေါ့လေနော့”
ဆောက်လက်စ အဆောက်အဦးများအပြင် ဆောက်လုပ်ရန်ပြင်ဆင်နေတဲ့ အဆောက်အဦး အကုန်လုံးနီးပါးလည်း ရပ်နားထားကြောင်း သိရပါတယ်။
ဒီလို ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်လုနီးပါးဖြစ်ပွားနေတာကြောင့် ဆောက်လုပ်ရေးလုပ်သားများလည်း အလုပ်ပြောင်းလုပ်ကိုင်ရခြင်းများနဲ့ အလုပ်လက်မဲ့ဖြစ်နေသူတွေလည်း ရှိနေပါတယ်။
မန္တလေးနဲ့ စစ်ကိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အဆောက်အဦး ၃,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကာ စစ်ကိုင်းမြို့၏ ၈၀ ရာခိုင်နှုန်းနဲ့ နေပြည်တော်မှာ ၇၀ ရာခိုင်နှုန်းကျော် အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။







