စစ်ရှောင်အားလုံး ကျောင်းတက်နိုင်အောင် လုပ်ဆောင်ပေးမယ်လို့ ကချင်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောဆိုခဲ့ပေမဲ့ ဝိုင်းမော်စစ်ရှောင်ကလေးတွေ စာသင်နှစ်တစ်နှစ် ဆုံးရှုံး

စစ်ရှောင်အားလုံး ကျောင်းတက်နိုင်အောင် လုပ်ဆောင်ပေးမယ်လို့ ကချင်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောဆိုခဲ့ပေမဲ့ ဝိုင်းမော်စစ်ရှောင်ကလေးတွေ စာသင်နှစ်တစ်နှစ် ဆုံးရှုံး

ကချင်ပြည်နယ်အတွင်းက စစ်ရှောင်စခန်းမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားအားလုံး ရောက်ရှိနေတဲ့ နေရာဒေသမှာ ကျောင်းတက်နိုင်ဖို့အတွက် အားလုံးပြင်ဆင်ထားပေးတယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောဆိုခဲ့ပေမယ့် ဝိုင်းမော်မြို့က စစ်ရှောင်စခန်း ၄၂ ခုမှာ ခိုလှုံနေတဲ့ ကျောင်းသူ/သား  အယောက် ၃၀၀ ကျော်ဟာ စာသင်နှစ်တစ်နှစ် ဆုံးရှုံးခဲ့ပါတယ်။

စခန်းရှိရာရွာနဲ့ ရွာအနီးတစ်ဝိုက်မှာရှိတဲ့ ကျောင်းတွေမှာ ကျောင်းသားဦးရေ များသွားတဲ့အတွက် စာသင်ခန်း မလုံလောက်တော့တာကြောင့်  ကျောင်းမတက်နိုင်ဘဲ နားလိုက်ရတာလို့ နောင်းချိန်းစစ်ရှောင်စခန်း တာဝန်ခံက ပြောပါတယ်။

"သူတို့က တစ်နှစ်နစ်နာသွားရတယ်။ အခုသူတို့ထဲမှာ တစ်ချို့က အလုပ်တွေရှာလုပ်သွားကြတာမျိုးတွေ ဖြစ်သွားကြတယ်။ တချို့ကလည်း သင်တန်းတွေလိုက်တက် အဲဒီလိုတွေ ဖြစ်သွားတယ်" လို့ တာဝန်ခံက ဆိုပါတယ်။

ဒါ့အပြင် ကျောင်းပို့/ကြို ယာဉ်တွေမရှိတာ၊ အစစအရာရာ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းတွေအကြား အခက်အခဲအမျိုးမျိုးကြောင့် စစ်ရှောင်ကလေးတွေရဲ့ စာသင်ကြားခွင့် ဆုံးရှုံးခဲ့ရတာဖြစ်ပြီး ဒီနှစ်မှာလည်း ကလေးအားလုံး စာသင်ကြားနိုင်ဖို့ မရေရာဘူးလို့လည်း ဆိုပါတယ်။

အဲဒီလို စာသင်နှစ်တစ်နှစ် နစ်နာသွားရတဲ့ ကလေးတွေထဲမှာ ဒီနှစ် ကျောင်းပြန်တက်ဖို့ ပြင်ဆင်နေသူ တစ်ဝက်တောင် မရှိတော့တဲ့အပြင် အများပိုင်းဟာ အထက်တန်းတက်ရမယ့် ကလေးတွေဖြစ်တယ်လို့လည်း သိရပါတယ်။

"ရွှေတူးသွားလိုက်ကြတယ်။ သင်တန်းတွေ တက်သွားကြတယ်။ အဲဒီလိုတွေ ဖြစ်သွားကြတာပေါ့နော်။ သူတို့တွေအနေနဲ့ကတော့ ကျောင်းတက်ချင်ကြတယ်။ ဒါပေမဲ့ ကျောင်းမတက်နိုင်တဲ့အတွက် ကြုံရာဝင်လုပ်သွားကြတယ်" လို့ အထက်ပါတာဝန်ခံက ဆိုပါတယ်။

တိုက်ပွဲတွေပြင်းထန်ပြီးနောက် တစ်ပြည်နယ်လုံးရှိ ကျောင်းသူ၊ ကျောင်းသားအားလုံး ကျောင်းတက်နိုင်ဖို့အတွက် ပြည်နယ်ကောင်စီအစိုးရအဖွဲ့အနေနဲ့ ကြိုးစားလုပ်ဆောင်နေကြောင်း စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မနှစ်က မေလ ၂၂ ရက်နေ့မှာ မြစ်ကြီးနားသတင်းဂျာနယ်ကို အောက်ပါအတိုင်း ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"ဇွန်လ ၃ ရက်နေ့ကစပြီး ကျောင်းဖွင့်မှာဆိုတော့ ကျောင်းသူ/ကျောင်းသားတွေအားလုံး ကျောင်းတက်နိုင်ဖို့အတွက် ကြိုးစားနေတယ်။ ပြီးတော့ စစ်ရှောင်တွေလည်း သူတို့ရှိတဲ့နေရာနဲ့ နီးတဲ့ကျောင်းမှာ အားလုံးတက်နိုင်အောင် အားလုံးလက်ခံဖို့အတွက် အားလုံးပြင်ဆင်ထားတယ်" လို့ ဦးခက်ထိန်နန်က ဖြေဆိုထားတာပါ။

စစ်ရှောင်စခန်းကို ဦးဆောင်သူလူကြီးတွေနဲ့ မိဘတွေအနေနဲ့လည်း ကလေးတွေ ကျောင်းတက်နိုင်ဖို့ တတ်နိုင်တဲ့ဘက်က ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှ မတတ်နိုင်တော့တဲ့ အခြေအနေကြောင့် ကလေးတွေ ပညာသင်နှစ်တစ်နှစ် ဆုံးရှုံးသွားပြီလို့ ဆိုပါတယ်။

မိဘတွေအနေနဲ့လည်း ကလေးတွေကို တခြားကို ကျောင်းပြောင်းထားနိုင်ဖို့အတွက် ငွေကြေးမရှိတဲ့အပြင် နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ကာလမှာ စိတ်မချတာတွေကြောင့် စစ်ရှောင်စခန်းထဲမှာပဲ နေထိုင်နေကြရတာလို့ ကြားသိရပါတယ်။

ဝိုင်းမော်မြို့က အထက်တန်းနှစ်ကျောင်းကိုတော့ စစ်ကောင်စီဘက်က မြို့ကို ဆက်လက်ထိန်းချုပ်ထားဆဲ အနေအထားမို့ ကျောင်းဖွင့်ပေးခဲ့ပေမယ့် လုံခြုံရေးကြောင့် လာရောက်တက်ကြတဲ့ ကျောင်းသားတွေ နည်းပါးခဲ့တယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့ဘက်အခြမ်း၊ ဗလမင်းထင်တံတား မြောက်ဘက်ပိုင်းတစ်လျှောက်က ကျေးရွာတွေဖြစ်တဲ့ လဘန်၊ နောင်းချိန်း၊ အင်ပေါင်/ ဟန်ကော်၊ အင်ကန်း၊ ခန်းဘူ၊ ဂွေထု၊ ခန်းယန် စတဲ့ကျေးရွာတွေအတွင်းမှာ စစ်ရှောင်စခန်း ၄၂ နေရာဖွင့်လှစ်ထားပြီး လူဦးရေ ၂၀,၀၀၀ ကျော် ခိုလှုံနေကြတာ ဖြစ်ပါတယ်။

စစ်ရှောင်အိမ်ခြေ  ၂,၂၀၀ ဟာ ဝိုင်းမော်မြို့နဲ့ မြို့အနီးအနားက ကျေးရွာတွေကနေ မနှစ် မတ်လ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် တိမ်းရှောင်ခဲ့ကြရတာပါ။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...