ပင်လောင်းမြို့နယ် ငလျင်ဒဏ်ကြောင့် နေအိမ် ၇၆၀ ကျော် ပျက်စီး၊ ကူညီမှုများ မရှိသလောက်နည်းပါး

ပင်လောင်းမြို့နယ် ငလျင်ဒဏ်ကြောင့် နေအိမ် ၇၆၀ ကျော် ပျက်စီး၊ ကူညီမှုများ မရှိသလောက်နည်းပါး
ပင်လောင်းမြို့နယ် ငလျင်ဒဏ်သင့်နေအိမ်။
ပင်လောင်းမြို့နယ် ငလျင်ဒဏ်သင့်နေအိမ်။

ငလျင်ဒဏ်ကြောင့် နေအိမ် ၇၀၀ ကျော်ပျက်စီးသွားသည့် ပင်လောင်းမြို့နယ်တွင် လာရောက်ကူညီသူ နည်းပါးပြီး ယာယီနေထိုင်ရန် တဲနှင့် အမိုးအကာများ အကူအညီ လိုအပ်နေကြောင်း သတင်းရရှိသည်။

ပြင်းအား ရစ်တာစကေး ၇.၇ အဆင့်ရှိ စစ်ကိုင်းအနီး ဗဟိုပြုလှုပ်ခတ်သည့် ငလျင်ကြောင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၃၅ ရွာ၊ နေအိမ် စုစုပေါင်း ၇၆၀ အထက် ပျက်စီးဆုံးရှုံးမှု ရှိခဲ့သည်။

လက်ရှိတွင် ငလျင်ဒဏ်ကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရာ နေအိမ်အတွင်း နေထိုင်၍ မရသည့် ဒေသခံများသည် ခြံဝင်းအတွင်း တဲဆောက်၍ နေထိုင်‌ခြင်းနှင့် နီးစပ်ရာ ဆွေမျိုး၊ အိမ်နီးချင်းတို့တွင် နေထိုင် နေကြကြောင်း ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အများစုကတော့ နီးစပ်ရာ အိမ်နီးနားချင်း အိမ်တွေမှာ နေနေကြတာပေါ့။ သူများအိမ်နားမှာ တဲထိုးပြီး နေကြရတာ။ ချက်ချင်းကြီး ပြန်လည်ထူထောင်ဖို့လည်း မဖြစ်နိုင်ကြဘူးလေ။ လာကူညီ တာမျိုးလည်း မရှိဘူး။ ဘယ်သူ့ကို အကူအညီ တောင်းလို့ တောင်းရမလဲ မသိဘူး” ဟု ငလျင်ဒဏ်ကြောင့် နေအိမ်ပျက်စီးသွားသည့် ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

နေအိမ်များ ပြိုကျပျက်စီးသွားသည့် ဒေသခံများသည် ပြန်လည်ထူထောင်ရန် အကူအညီများ လိုအပ်နေပြီး၊ အချို့သော လုံးဝမပျက်စီးသည့် အိမ်များသည်လည်း အက်ကွဲမှု ကြီးကြီးမားမား ဖြစ်နေသည့် အတွက် နေထိုင်ရန် အဆင်မပြေကြကြောင်း သိရသည်။

ထို့ပြင် နေအိမ်များ ပြိုကျပျက်စီးသွားသည့် ကျေးရွာအချို့သည် ပင်လောင်းမြို့နှင့် အလှမ်းဝေး၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လာရောက်ကူညီသူ၊ အဖွဲ့အစည်းများ မရှိသလောက် နည်းပါးနေပြီး ဒေသခံများ ယာယီနေထိုင်ရန် အမိုးအကာများ လိုအပ်နေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO တာဝန်ရှိသူတစ်ဦးက ထပ်လောင်းပြောသည်။

“ပင်လောင်းမြို့နယ်က အခြားဒေသထက် သတင်း ပေါက်ရောက်မှုက နည်းတယ်။ ကျန်တဲ့ ကျေးရွာတွေကို အဖွဲ့အစည်းတွေကလည်း အနည်းအကျဉ်း လောက်ပဲ ကူညီတာ တွေ့ရသေးတယ်။ အာဏာပိုင် တွေလည်း ဝင်ရောက်ကူညီနေတာမျိုး မတွေ့ရသေးဘူး။ လောလောဆယ်မှာ ယာယီနေထိုင်လို့ရတဲ့ တဲ၊ အမိုးအကာ၊ သွပ်၊ အုတ်တွေ လိုတယ်။ တောင်ကုန်း တလျှောက် ကျေးရွာတွေကြတော့ ရေကန်တွေ ကွဲအက်ကုန်တယ်” ဟု ပအိုဝ်းလူငယ်အစည်းအရုံး PYO မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သျှမ်းပြည် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် နေအိမ် (၇၅၃) လုံး ပျက်စီး၊ ထိခိုက်ဒဏ်ရာရသူ (၁၂) ဦး နှင့် သေဆုံးသူ( ၂ ) ဦးရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO မှ ထုတ်ပြန်ခဲ့သည်။

ပင်လောင်းမြို့နယ်ရှိ အင်အားပြင် ငလျင်ဒဏ်ခံရသည့် ကျေးရွာပေါင်း ၃၅ ရွာသည် ဝါးလီ၊ ဆောင်းပြောင်း၊ ကောင်ထို၊ ထီယွန်း၊ ကောင်ထိန်၊ ရေအေး၊ နန်းပန်း၊ ဆူးဝါး၊ လုဲင်းလောင်းကျေး၊ ခေါဝ်းပူး၊ ဒင်ႏရွေး၊ ဝါခြော၊ မြောက်ထီဗွာ၊ ပင်ကာလ၊ လုဲင်းခါႏ (လယ်ကြား) တဲင်းထဲက်၊ တပ်ဆုန်း၊ မြေနီကုန်း၊ လိန်းလီ၊ မက္ကော်ကြီး၊ ကောင်လွို (တောင်လေး)၊ ပင်ခွန်၊ ဝါးရန်၊ လွယ်မောင်းတောင်၊ ပင်ပုံ၊ မင်းဘူး၊ ဆောင်းပေါင်၊ လုံးဒင်၊ တခေါက်၊ ဘုရားဖြူ၊ ပင်သာ၊ နဂါးပတ်နှင့် ထီနားကောင်ကျေးရွာများ ပါဝင်ကြောင်း သိရသည်။

Most read this week

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...