မင်းတပ် ပြည်သူအချို့ အခြေခံစားနပ်ရိက္ခာ ရှားပါးနေ

မင်းတပ် ပြည်သူအချို့ အခြေခံစားနပ်ရိက္ခာ ရှားပါးနေ

ပုံစာ - စားစရာမရှိ၍ အသီးအရွက်ကိုသာ တနှစ်ခန့်အကြာ စားသောက်နေရသည့် မင်းတပ်ဒေသခံ အဘွားအိုတစ်ဦး။

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ထဲတွင် ဒေသခံပြည်သူတချို့သည် အခြေခံစားနပ်ရိက္ခာ ရှားပါးမှုများ ကြုံတွေ့နေရပြီး ဒေသခံ အဘွားအိုးတဦးသည် စားစရာမရှိသောကြောင့် တနှစ်ခန့်ကြာ အသီးအရွက်များကိုသာ ရှာဖွေစားသောက်နေထိုင်ရသည်ဟု သိရသည်။

မင်းတပ်မြို့က အဘွားအို ၁ ဦးသည် စားစရာ ဆန်၊ ဆီ၊ ဆား မရှိသောကြောင့် ငှက်ပျောအူ၊ ငှက်ပျောသီး၊ ငှက်ပျောဖူးအပါအဝင် အသီးအရွက်တွေကိုသာ တောတောင်ထဲ ရှာဖွေစားသောက် ရှင်သန်နေရသည်။

မင်းတပ်မြို့နယ်အတွင်း ယင်းအဖွားအိုကဲ့သို ဒေသခံပြည်သူတွေ အများအပြားရှိနေသည်ဟု မင်းတပ်မြို့က အဘွားအိုတဦးအကြောင်း ရုပ်သံရိုက်ကူးဖော်ပြသူ ဆလိုင်းနိုင်းဟုန်းက ပြောသည်။

“ဒီအတိုင်းပဲ စားစရာ ဆန်မရှိလို့ ငှက်ပျောအူတို့ ငှက်ပျောသီးတို့၊ ငှက်ပျောဖူးတို့ပဲစားပြီး အခုထိ နေလာတာပါ။ ကျနော်သွားပြီးမှ ဆန်၊ ဆီ၊ ဆား နည်းနည်းပါးပါး ကျနော်တတ်နိုင်သလောက်လေး သူ့ကို မျှဝေဖြစ်ပါတယ်။ သူ့မှာ စားစရာ ဆန်၊ ဆီ၊ ဆား မရှိလို့ အသီးအရွက်တွေပဲ ပုံမှန် တောထဲကခူးပြီး အမြဲတမ်းစားနေတာပါ။ ဒီလိုမျိုးတွေ မင်းတပ်မြို့နယ်ထဲမှာ အများကြီးရှိနေပါတယ်။ စစ်ဘေးလည်း မရှောင်နိုင်ဘူး။ စစ်ဘေးရှောင်ဖို့လည်း မတတ်နိုင်တဲ့ ပြည်သူတချို့ပေါ့ဗျာ။ စားသောက်စရာတွေ အရမ်းခက်ခဲ ဖြစ်နေပါတယ်” ဟု ဆလိုင်းနိုင်းဟုန်းက ပြောသည်။

မင်းတပ်မြို့ပေါ်က အဘွားတဦး၏အခြေအနေ ရုပ်သံကို မင်းတပ်ဒေသခံ ဆလိုင်းနိုင်းဟုန်းက ဖေဖော်ဝါရီလ ၂၈ ရက်က ရိုက်ကူးဖော်ပြခဲ့ခြင်းဖြစ်ပြီး ယင်းအဘွားသည် မင်းတပ် မြို့သိမ်းစစ်ဆေးရေးကာလ လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု အများအပြားရှိသော်လည်း အိုးအိမ်စွန့်ခွာမပြေးဘဲ နေထိုင်ခဲ့သည်ဟု သိရသည်။

မင်းတပ်မြို့နယ်ထဲတွင် ဒေသခံပြည်သူများသည် အခြေခံစားနပ်ရိက္ခာများ ပိုမိုကြပ်တည်းလာပြီး တချို့ပြည်သူများမှာ ဆန်၊ ဆီ၊ ဆားကို ချေးငှားစားနေရသည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ကိုလောရင့်ကလည်း ပြောသည်။

“စစ်ဘေးရှောင်တွေထက် ပိုမိုပြီး ခက်ခဲတဲ့ ရွာမှာ အစားအသောက် ခက်ခဲတယ်။ နေဖို့ထိုင်ဖို့ ခက်ခဲတယ်။ ကျနော်နေတဲ့ ရွာမှာလည်း ရှိပါတယ်။ သူစားဖို့ ဆန်မရှိဘူး။ လိုက်ချေးငှားပြီးစားတယ်။ အခုထိကတော့ ကျနော်တို့ ပံ့ပိုးနိုင်သေးတယ်။ ကျနော်တို့ မရှိတော့ဘူးဆိုရင် သူ့အနေနဲ့ တော်တော်လေး ခက်ခဲမယ့်အနေအထားမျိုး ရှိပါတယ်” ဟု ကိုလောရင့်က ပြောသည်။

မင်းတပ်မြို့နယ်ထဲက စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူများအနေဖြင့် အခြေခံစားနပ်ရိက္ခာများ အဓိက ခက်ခဲကြပ်တည်းရခြင်းသည် ကုန်ဈေးနှုန်းမြင့်မားမှုနှင့် သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်မှု စသည့်အချက်များလည်း ပါဝင်သည်ဟု မင်းတပ် ဒေသခံများထံမှ သိရသည်။

မင်းတပ်မြို့နယ်တွင် ဒေသခံများ ဆတ်နီ၊ ဆတ်ဝါနှင့် ဝါးဥကို အဓိက စိုက်ကြကြောင်း၊ ဝါးဥများ သယ်ယူပို့ဆောင်၊ ရောင်းချရာတွင် လမ်းခရီးမှာ ဂိတ်အများအပြားကို အခွန်ပေးရသောကြောင့် ဝါးဥဈေးနှိမ်ခံရသည်ဟု သိရသည်။

လက်ရှိတွင် ဆန်၊ ဆီ၊ ဆား အပါအဝင် အခြေခံကုန်ဈေးနှုန်းသည် သုံးဆခန့် မြင့်တက်နေပြီး ဆန် ၁၆ ပြည်တအိတ်ကို တသိန်းဝန်းကျင် ပေါက်ဈေးရှိနေကြောင်း၊ ယခင်က ဝါးဥခြောက် တပိသာသည် ဆန်တတင်းနှင့် ဈေးတူညီနေပြီး လက်ရှိမှာ ဝါးဥခြောက် ဆယ်ပိသာနီးပါးမှ ဆန်တတင်း (၂၄ ပြည်) နှင့် တူညီနေသည်ဟု သိရသည်။

မင်းတပ်မြို့နယ်တွင် အရပ်ဖက်အဖွဲ့အစည်းများ အားနည်းနေသောကြောင့် လူသားချင်းစာနာမှုအကူအညီများ လွန်စွာနည်းပါးနေပြီး အမေရိကန် USAID အထောက်အပံ့များ ပြန်ရုတ်သိမ်းသွားမှုသည် ဒေသခံပြည်သူများအပေါ် ထိခိုက်မှု များပြားသည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ကိုလောရင့်ကလည်း ပြောသည်။

“CSO တွေ အရမ်းနည်းပါတယ်။ NGO ဝင်တာတွေ အရမ်းနည်းတယ်။ နဂိုတုန်းက နည်းနည်းရှိတယ်။ ၂၀၂၄၊ ၂၀၂၅ မှာဆိုရင် ရှိတဲ့အဖွဲ့အစည်းတွေ တော်တော်များများလေး ပြန်ရုတ်သိမ်းသွားတယ်။ ဒီကြားထဲမှာ USAID က သူ့ အစီအစဉ်တွေ အကုန် ရပ်လိုက်တဲ့ဟာကလည်း ကျနော်တို့အပေါ်မှာ တော်တော်လေး ထိခိုက်ပါတယ်။ အဓိက, က စစ်ဘေးရှောင်တွေမှာ တော်တော်ထိခိုက်တယ်။ ပေးဖို့ ပြင်ဆင်ထားပြီးသာတွေ အကုန်လုံးက မပေးလိုက်ရတဲ့ အနေအထားမှာ တချို့အဖွဲ့လေးတွေဆီကနေ ကျနော်တို့ ကြားရပါတယ်။ (CSO၊ NGO) ဝင်လာတဲ့အဖွဲ့က ဆုတ်ယုတ်သွားတာပဲရှိတယ်။ တိုးလာတာ မရှိပါဘူး” ဟု ကိုလောရင့်က ပြောသည်။

လတ်တလောတွင် မင်းတပ်မြို့နယ်က အခြေခံစားနပ်ရိက္ခာ ရှားပါးကြပ်တည်းသော ဒေသခံပြည်သူများစာရင်းကို ကောက်ယူထားပြီး ရရှိလာသော အချက်အလက်များကို မကြာမီ ထုတ်ပြန်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ကူညီထောက်ပံ့ပေးနိုင်ရန် အချက်အလက်များကို ပုံစံ ၁ တွင် နေရပ်အိုးအိမ်စွ့န်ခွာ ထွက်ပြေးရသော စစ်ဘေးရှောင်များ၊ ပုံစံ ၂ တွင် မသန်စွမ်းမိသားစုများ၊ မုဆိုးမ/ဖို မိသားစု အပါအဝင် အစောင့်အရှောက်ကင်းမဲ့သော ပြည်သူများ၊ ပုံစံ ၃ တွင် စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းခံရသော မိသားစုများ၊ ဖမ်းဆီးသတ်ဖြတ်ခံရသော မိသားစုများ၊ ပုံစံ ၄ တွင် စစ်အာဏာသိမ်းကာလ သေဆုံးသူရှိသော မိသားစုအချက်အလက်များကို ကောက်ယူထားသည်ဟု သိရသည်။

အကြပ်အတည်း ကြုံနေရသော ဒေသခံနှင့် စစ်ဘေးရှောက်ပြည်သူများကို ကူညီထောက်ပံ့ လှူဒါန်းလိုပါက မင်းတပ် စစ်ဘေးရှောင် စီမံခန့်ခွဲရေးကော်မတီနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်မှစတင်၍ မင်းတပ်မြို့ပေါ်က အိုးအိမ်စွန့်ခွာရသည့် စစ်ရှောင်ပြည်သူများကို ပြန်လည်နေရာချထားနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို  မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF - မင်းတပ်က ဆောင်ရွက်နေကြောင်း သိရသည်။

မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က အပြီးသတ် သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီ ကင်းစင်ဒေသအဖြစ် ကြေညာထားသော်လည်း စစ်ကောင်စီသည် ယခုလပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်နေသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...