မြန်မာကလေးများအတွက် စိုးရိမ်ဖွယ်အခြေအနေ အမြင့်ဆုံးသို့ရောက်နေဟု ယူနီဆက်ဖ်ပြော

မြန်မာကလေးများအတွက် စိုးရိမ်ဖွယ်အခြေအနေ အမြင့်ဆုံးသို့ရောက်နေဟု ယူနီဆက်ဖ်ပြော

စစ်ရေးပဋိပက္ခများနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတွင် ယခု ၂၀၂၅ ခုနှစ်တွင် ကလေးများနှင့် အရပ်သားများအတွက် စိုးရိမ်ဖွယ်အခြေအနေသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF Myanmar) က ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ပြင်းထန်သော ပဋိပက္ခဖြစ်ပွားနေသည်မှာ လေးနှစ်ရှိလာပြီဖြစ်ပြီး နိုင်ငံလူဦးရေ စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းခန့်ဖြစ်သည့် ၁၉ ဒဿမ ၉ သန်းမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများလိုအပ်နေပြီး ထိုအထဲတွင် ကလေးငယ် ၆ ဒဿမ ၄ သန်းပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတဝန်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကလေးငယ် ၁ သန်းကျော်မှာ ရောဂါများမှကာကွယ်ရန်အတွက် မရှိမဖြစ်လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံနိုင်ခြင်းမရှိဘဲ ကာကွယ်ဆေးလုံးဝမရရှိသေးသော ကလေးငယ်အများဆုံးရှိသည့် နိုင်ငံအဖြစ် ရပ်တည်နေကြောင်း UNICEF-Myanmar က ဆိုသည်။

ရခိုင်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ကာကွယ်ဆေးမထိုးရတဲ့ ကလေးတွေပိုများလာတယ်။ အခုလည်း မြေပြင်မှာ တာဝန်ရှိသူတွေ (အေအေ) က လုပ်ပေးတာတွေ ရှိပေမယ့် မလုံလောက်ဘူး။ ကာကွယ်ဆေးမထိုးရရင် ကလေးအတွက်က ရောဂါလည်းပိုဖြစ်လာနိုင်ပြီးတော့ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့မယ်။ ကာကွယ်ဆေးပြဿနာက ဒီကလေးတွေအတွက်တင် မဟုတ်ဘဲ နောက်လာမယ့် မျိုးဆက်အတွက်ပါ သက်ရောက်မှု ရှိနိုင်တယ်” ဟု ပြောသည်။

ပဋိပက္ခများ၊ ကိုဗစ်-၁၉ နှင့် ကျန်းမာရေးဝန်ထမ်းများ အစုလိုက်နှုတ်ထွက်ခြင်းကြောင့် မြန်မာ့ကျန်းမာရေးစနစ်မှာ ပြိုလဲလုနီးပါးဖြစ်နေပြီး ကလေးငယ်များမှာ ကာကွယ်ဆေးမထိုးနှံနိုင်သဖြင့် ရောဂါများဖြစ်ပွားနိုင်သည့် အန္တရာယ်နှင့်ကြုံနေရကြောင်း UNICEF-Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်အာဏာသိမ်းမှု စတင်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပါအဝင် အသစ်ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ ကလေးငယ်အပါအဝင် အရပ်သားများမှာ ကျန်းမာရေးစောင့်ရှောက်မှု၊ အစာရေစာငတ်မွတ်မှုနှင့် အမိုးအကာမလုံလောက်မှုစသည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

ရခိုင်မှ ကလေးမိခင်တစ်ဦးက “အရင်က ကလေးတွေ ပုံမှန်ကာကွယ်ဆေးထိုးခဲ့ရပေမယ့် အခုက ဆေးထိုးဖို့ကို ဘယ်လိုမှရှာမရဘူး။ ကလေး တစ်နှစ်ပြည့်တဲ့အထိ ဆေးမထိုးရဘူး။ ကလေးအတွက်တော့ ကျန်းမာရေးချူချာမှာကို စိုးရိမ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ အဆိုးဆုံးထိခိုက်ခံစားနေရသော ကလေးသူငယ်များနှင့် မိသားစုများ၏ အကျပ်အတည်းကို ဖြေရှင်းနိုင်သည့် နည်းလမ်းများမှာ လျော့နည်းလာနေပြီး ကြိုးပမ်းမှုမရှိပါက နောက်ဆက်တွဲအကျိုးဆက်များမှာ မြန်မာ့ကလေးငယ်များသာမက လာမည့် မျိုးဆက်များအထိ ဆိုးရွားစွာ သက်ရောက်သွားမည်ဖြစ်ကြောင်း UNICEF-Myanmar ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ရေးပဋိပက္ခများကြောင့် မြန်မာနိုင်ငံအတွင်းရှိ ကလေးငယ်အပါအဝင် အရပ်သားများမှာ ပညာရေးအကျပ်အတည်း၊ ကာကွယ်ဆေးမထိုးနှံနိုင်ခြင်း၊ အာဟာရချို့တဲ့မှု၊ မြေမြှုပ်မိုင်းအန္တရာယ်၊ ရွေးကောက်ပွဲပြဿနာ၊ ရေကြီးရေလျှံမှုနှင့် မြင့်တက်လာသည့် ရောဂါဖြစ်ပွားမှု စသည့်အချက် ၆ ချက်နှင့် ရင်ဆိုင်နေရပြီး ၂၀၂၅ ခုနှစ်အတွင်းစောင့်ကြည့်ရန် အရေးပါကြောင်းလည်း ဆိုသည်။

ထို့ကြောင်း ဒေသတွင်း အဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီရောက်ရှိရေး၊ အရပ်သားများအား ကာကွယ်စောင့်ရှောက်ရေး၊ အကြမ်းဖက်မှုနှင့် အကျပ်အတည်းကို ရပ်တန့်နိုင်မည့်ရေရှည်ဖြေရှင်းချက်ကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်းလည်း UNICEF-Myanmar က ထောက်ပြထားသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...