တိုက်ပွဲကြောင့် ချောင်းသာရောက် ရခိုင်စစ်ရှောင်အပါအဝင် ဒေသခံသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်

တိုက်ပွဲကြောင့် ချောင်းသာရောက် ရခိုင်စစ်ရှောင်အပါအဝင် ဒေသခံသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်
တိုက်ပွဲအတွင်း ပိတ်မိနေသော သံတွဲဒေသခံများကို AA က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် ကယ်ထုတ်လာစဉ်။ (APM)
တိုက်ပွဲအတွင်း ပိတ်မိနေသော သံတွဲဒေသခံများကို AA က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် ကယ်ထုတ်လာစဉ်။ (APM)

ရခိုင် - ဧရာဝတီ အစပ်တွင် တိုက်ပွဲပြင်းထန်လာမှုကြောင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာဒေသတွင် စစ်ဘေးရှောင်နေသည့် ရခိုင်အပါအဝင် ဒေသခံသောင်းနှင့်ချီမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံတို့မှ ဒေသခံများမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်မှစကာ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် တိမ်းရှောင်သူဦးရေ ၂၀,၀၀၀ ကျော်အထိရှိလာကြောင်း ဒေသခံများက ပြောသည်။

“ချောင်းသာမြို့က လူဦးရေ သုံးပုံနှစ်ပုံလောက် စစ်ဘေးရှောင်သွားပြီ။ ကျန်တဲ့လူတွေကတော့ ပစ္စည်းတွေရွှေ့ထားပြီး အခြေအနေ စောင့်ကြည့်နေကြတုန်းပဲ” ဟု ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ချောင်းသာမြို့တွင် လူဦးရေ ၃၀,၀၀၀ ကျော်ရှိသည့်အနက် အများစုမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သွားကြခြင်းဖြစ်ပြီး ယင်းအထဲတွင် ထပ်မံ၍ စစ်ဘေးတိမ်းရှောင်နေရသည့် ဂွ၊ သံတွဲ၊ တောင်ကုတ်မြို့နယ်တို့မှ ရခိုင်ဒေသခံ ထောင်နှင့်ချီ ပါဝင်သည်။

လက်ရှိတွင် ချောင်းသာ၊ ရွှေသောင်ယံတို့တွင် စစ်ဘေးရှောင်နေသည့် ရခိုင်ဒေသခံများမှာ ထပ်မံ၍ ထွက်ပြေးတိမ်းရှောင်နေရမှုကြောင့် စားဝတ်နေရေးခက်ခဲမှုနှင့် ကြုံတွေ့လာရမည်ကို စိုးရိမ်နေကြသည်။

“ဒေသခံတွေလည်း အကုန်နီးပါးရှောင်ကြတော့ ကိုယ်တွေလည်း မနေရဲတော့ ထပ်ရှောင်ရမယ်။ စားဝတ်နေရေးကတော့ ပထမရှောင်လာတာထက် ပိုကျပ်တည်းမှာ” ဟု ရွှေသောင်ယံရောက် ရခိုင်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်က ရွှေသောင်ယံမြို့နယ်၊ ဘောမိကျေးရွာကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် အဆိုပါရွာရှိ စစ်ကောင်စီတပ်သည် ရွှေသောင်ယံမြို့သို့ တပ်ဆုတ်သွားခဲ့သည်။

ယင်းနောက် ရွှေသောင်ယံ ကမ်းခြေတစ်ဝိုက်တွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းဖြစ်ပြီး လက်ရှိတွင်လည်း ဘောမိကမ်းခြေနှင့် ရွှေသောင်ယံကမ်းခြေအစပ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်နေသည်။

“တိုက်ပွဲက ရွှေသောင်ယံအစပ်မှာ ဒီနေ့ထိ ဖြစ်နေတုန်းပဲ။ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူပေးနေတယ်။ တပင်မှော်အမြောက်တပ်ကလည်း လက်နက်ကြီးပစ်နေတယ်။ ရွှေသောင်ယံရဲစခန်းကလည်း လက်နက်ငယ်သံတွေ ကြားရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အာရက္ခတပ်တော်သည် ဂွမြို့နယ်တစ်ခုလုံးကို ဒီဇင်ဘာ ၂၉ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် နယ်စပ်တကြောမှ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ကာ အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်ဖွဲ့များက ဧရာဝတီအထိ ထိုးစစ်ဆင်လာနေခြင်းဖြစ်သည်။

ရခိုင်ရိုးမနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် ရခိုင် - ပဲခူး၊ ရခိုင် - မကွေး၊ ရခိုင် - ဧရာဝတီ နယ်စပ်ဒေသတို့တွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း AA က ဇန်နဝါရီ ၂၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...