ခမ်းပတ်မြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံဗုံးကြဲ

ခမ်းပတ်မြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံဗုံးကြဲ

စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ခမ်းပတ်မြို့ကို ယမန်နေ့ ဇန်နဝါရီလ (၂၁) ရက် ညနေ (၆) နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ထပ်မံဗုံးကြဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဒေသခံတဦးက “တိုက်လေယာဉ်နဲ့ ခမ်းပတ်မြို့ဖက် ဟိုနေ့က ချတဲ့နေရာကိုပဲ တကြိမ် ထပ်လာကြဲတယ်။ မနေ့က ကြဲတဲ့နေရာ နန်ကတိတ်ရွာအဝင်ဖက်ကို နှစ်ကြိမ် ထပ်ကြဲတယ်။ ဖုန်းလိုင်းက ခမ်းပတ်ဖက်ကို ဆက်သွယ်လို့မရတော့ ပျက်စီးတာ မသိရသေးဘူး” ဟု ပြောသည်။

ကလေး-တမူး ကားလမ်းမပေါ်တွင်တည်ရှိသည့် ခမ်းပတ်မြို့နှင့် ကနန်စံပြကျေးရွာကို ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၆ ဦးသေဆုံးကာ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၆ လုံး ပျက်စီးခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ကလေး-တမူး ကားလမ်းမပေါ်က စော်ဘွာရေရှင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေးရဲဘော် (၃) ဦးကျဆုံးကာ ဒေသခံ (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ (၂၀) ရက်နေ့ ညနေပိုင်းတွင်လည်း ခမ်းပတ်မြို့နှင့် (၂) မိုင်အကွာတွင်ရှိသည့် နန်းကတိတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကြဲခဲ့သည်ဟု သိရသည်။

ယင်းဗုံးကြဲမှုအခြေအနေနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက “လူငယ်တွေနေရာကို ချချင်တာ။ ဒါပေမယ့် လွဲသွားတာပေါ့၊ နေရာကွက်လပ် ရွာထဲက ခြံဝန်းထဲကျတာ။ နန်းကတိတ်ရွာအဝင်လမ်းခွဲမှာ အဲ့ဒီ မီးသွေးလုပ်တဲ့ကျောက်ပုံမှာ ကျသွားတာ။ ဘေးနားက ဆိုင်ကယ်နှစ်စီးကတော့ ပျက်သွားတယ်။ လူအထိအခိုက်တော့ မရှိပါဘူး” ဟု ပြောသည်။

ခမ်းပတ်မြို့သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နို၀င်ဘာလ ၇ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည့်အတွက် ခမ်းပတ်ဒေသခံများ မြို့ကိုစွန့်ခွါ၍ စစ်ဘေးရှောင်သူများလာပြီး Wifi အင်တာနက်လိုင်းများအပါအဝင် ဆက်သွယ်ရေးဖုန်းလိုင်းများပါ ပြတ်တောက်နေသည်ဟု သိရသည်။

May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...