ဧရာဝတီတွင် ၁၁ မျဉ်းစောင်း ကိုင်ဆောင်သူများကို ဖမ်းဆီးစစ်ဆေးမှု များပြားလာ

ဧရာဝတီတွင် ၁၁ မျဉ်းစောင်း ကိုင်ဆောင်သူများကို ဖမ်းဆီးစစ်ဆေးမှု များပြားလာ

ပုံစာ - ၂၀၂၁ ခုနှစ်အတွင်းက ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - Myanmar Digital Newspaper

ဧရာဝတီတိုင်းတွင် စစ်ကောင်စီက နိုင်ငံသားစိစစ်ရေးကဒ်ပြား ၁၁ မျဉ်းစောင်းမှတ်ပုံတင် ကိုင်ဆောင်ထားသည့် ရခိုင်ဒေသခံများကို ပို၍တင်းကျပ်စွာ စစ်ဆေးမှုအပြင် ဖမ်းဆီးမှုများလာနေကြောင်း သိရသည်။

ယခုရက်ပိုင်းတွင်း ကျုံပျော်နှင့် ရေကြည်မြို့နယ်တွင် ၁၁ မျဉ်းစောင်းမှတ်ပုံတင် ကိုင်ဆောင်ထားသည့် ရခိုင်လူငယ်၊ လူလတ်ပိုင်း ၅၀ ထက်မနည်းအား စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

“အရင်ကထက် အခုရက်ပိုင်းမှာ ဖမ်းဆီးစစ်ဆေးတာ ပိုများလာတယ်။ ငွေပေးပြီး ပြန်လွတ်လာတာလည်း ရှိတယ်။ တချို့ကျတော့ လက်ရှိအချိန်အထိ ထိန်းသိမ်းပြီး စစ်နေတာရှိတယ်လို့ သိရတယ်။ ဘယ်နေရာတွေမှာ ထိန်းသိမ်းထားလဲတော့ မသိရဘူး” ဟု ကျုံပျော်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးစစ်ဆေးခံနေရသည့် ရခိုင်ဒေသခံများနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် DMG မှ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ ရခိုင်လူငယ်များသည် အာရက္ခတပ်တော် (AA) ကို ကူညီထောက်ပံ့သည့် သံသယအပြင် တပ်ဖွဲ့ဝင်သံသယတို့ဖြင့် စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

၁၁ မျဉ်းစောင်းမှတ်ပုံတင် ကိုင်ဆောင်သူများအား နေအိမ်သို့ ဝင်ရောက်စစ်ဆေးခြင်းအပါအဝင် ရန်ကုန် - ပုသိမ် ကားလမ်းရှိ ဂိတ်များတွင်လည်း စစ်ဆေးရေးတင်းကျပ်ခြင်းများကို လုပ်ဆောင်နေသည်။

“မှတ်ပုံတင် စစ်ရင် ၁၁ မျဉ်းစောင်းဆိုရင် ပုံမှန်ထက်ပိုပြီး တင်းကျပ်တာမျိုးပေါ့။ ဘယ်သွားမယ်၊ ဘာလုပ်မယ်၊ ဘယ်အချိန်ပြန်လာမယ်ဆိုတာကအစ မေးတယ်။ အကြောင်းပြချက်မရှိ တခါတလေ အိမ်တွေဝင်ပြီး စစ်ဆေးတာလည်း ရှိတယ်” ဟု ဧရာဝတီတိုင်းရောက် ရခိုင်စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများကြောင့် တောင်ကုတ်၊ ဂွ၊ သံတွဲ စသည့် မြို့နယ်များမှ ဒေသခံ သောင်းနှင့်ချီမှာ ဧရာဝတီတိုင်းဒေသသို့ စစ်ဘေးတိမ်းရှောင်နေကြသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း ဖမ်းဆီးစစ်ဆေးမှုများကြောင့် ရခိုင်စစ်ဘေးရှောင်များမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိဘဲ ဖြတ်သန်းနေရကြောင်း ပြောဆိုကြသည်။

နောက်ထပ် ရခိုင်စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “ရခိုင်ဆိုတာနဲ့ လာဖမ်းတော့မလား ကြောက်နေရတယ်။ အိမ်ပြန်ဖို့ကလည်း အဆင်မပြေသေးဘူး။ ရှေ့ကို ဆက်သွားဖို့ကလည်း အဆင်မပြေဖြစ်နေတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ ဖမ်းဆီးစစ်ဆေးမှုများကြောင့် ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်များမှာ ရန်ကုန်အပါအဝင် အခြားဒေသများသို့ ထပ်မံသွားရောက်မှုများ ရှိနေကြကြောင်း သိရသည်။

ဧရာဝတီတိုင်းရှိ ရေကြည်၊ ပုသိမ်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ချောင်းသာ၊ သာပေါင်း စသည့် မြို့နယ်များတွင် သိန်းနှင့်ချီသည့် ရခိုင်ဒေသခံများမှာ စစ်ဘေးတိမ်းရှောင်နေကြခြင်းဖြစ်ပြီး ၎င်းတို့မှာ ဖမ်းဆီးခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ အကူညီမရရှိခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း စသည့် အဆင်မပြေမှုများစွာဖြင့် ရင်ဆိုင်နေကြရသည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...