ပူတာအိုမြို့မှာ စက်သုံးဆီဈေးတွေ မြင့်တက်လာနေပြီး တစ်ဂါလံ ကျပ်ခြောက်သောင်းဈေးရှိနေ

ပူတာအိုမြို့မှာ စက်သုံးဆီဈေးတွေ မြင့်တက်လာနေပြီး တစ်ဂါလံ ကျပ်ခြောက်သောင်းဈေးရှိနေ

မြစ်ကြီးနား - ပူတာအို ကားလမ်း ပုံမှန်ပြန်လည်သွားလာလို့ရကတည်းက ပူတာအိုမြို့တွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အတိုင်းအတာတစ်ခုထိ လျော့ကျသွားပေမဲ့ ဒီနောက်ပိုင်း စက်သုံးဆီဈေးတွေ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာနေတယ်လို့ ပူတာအိုမြို့ခံတစ်ဦးက ပြောပါတယ်။

"အခုထိတော့ ကားလမ်းတွေ ပုံမှန်သွားလို့ရသေးတယ်ဆိုတော့ ကုန်ဈေးနှုန်းတွေ အများကြီး ထိုးတက်တာမျိုးတော့ မရှိသေးဘူး။ စက်သုံးဆီက နည်းနည်းစီ တက်လာတယ်။ အရင်တုန်းက ဖြစ်ခဲ့တာနဲ့ နှိုင်းယှဉ်ရင်တော့ အရင်တုန်းကလောက် မဆိုးဘူး။ အရင်တုန်းကဆို တစ်လီတာကို တစ်သိန်းပေးခဲ့ရတာဆိုတော့" လို့ ဆိုပါတယ်။

ကုန်ကားတွေ ပြန်လည်ဝင်ရောက်လာတဲ့အချိန် ပူတာအိုမြို့မှာ ဓာတ်ဆီတစ်ဂါလံကို  အနည်းဆုံး ကျပ် သုံးသောင်းရှစ်ထောင်အထိ ကျဆင်းခဲ့ပေမဲ့ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာပြီး လက်ရှိမှာတော့ ဓာတ်ဆီတစ်ဂါလံကို ကျပ်ခြောက်သောင်း ရှိနေတယ်လို့ ဆိုပါတယ်။

မြို့တွင်းက စက်သုံးဆီဆိုင်တွေလည်း ပုံမှန်ဖွင့်လှစ်လျက်ရှိပြီး ပြတ်လပ်မှုတွေ ကြုံရတာမျိုးတော့ မရှိဘူးလို့လည်း ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ဂိတ်တွေ ပိတ်သွားခဲ့ပြီး မြစ်ကြီးနားမြို့ဘက် စက်သုံးဆီ အဝင်မရှိတော့ဘဲ ဈေးမြင့်တက်လာတဲ့နောက် ပူတာအိုမြို့တွင်းမှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်ကတည်းကနေ စက်သုံးဆီဈေးတွေ တရိပ်ရိပ် ထပ်မံမြင့်တက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ဈေးကတော့ ပူတာအိုမြို့မှာ တစ်အိတ်ကို ကျပ်တစ်သိန်းလေးသောင်းဈေးရှိနေပြီး အရင်ကလောက်တော့ ဈေးကြီးမြင့်တာမရှိဘူးလို့ သိရပါတယ်။

ဒေသခံတွေ သက်သာချောင်ချိစွာ ဝယ်ယူနိုင်ရေး  ဆန်နဲ့ စက်သုံးဆီရောင်းချပေးတဲ့ ပရဟိတအဖွဲ့တွေရဲ့ စီမံချက်ကလည်း ပြီးခဲ့တဲ့ဒီဇင်ဘာလက ပြီးဆုံးသွားပြီဖြစ်ပြီး လက်ရှိမှာတော့ ဒေသခံတွေဟာ ဆန်နဲ့ စက်သုံးဆီတွေကို ဈေးကွက်ကပဲ ဝယ်ယူနေရတာလို့ သိရပါတယ်။

ပူတာအိုဒေသဟာ စက်သုံးဆီနဲ့  အခြေခံစားသောက်ကုန်တွေကို  မြစ်ကြီးနားမြို့ဘက်ကနေ ကားလမ်းနဲ့ အဓိက သယ်ယူတင်သွင်းကြတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် တိုက်ပွဲကြောင့် မြစ်ကြီးနား - ပူတာအို ကားလမ်းပိတ်ချိန်တုန်းက ဒေသမှာ အခြေခံစားသောက်ကုန်တွေနဲ့ စက်သုံးဆီတွေ ဈေးကြီးမြင့်ပြီး ပြတ်လပ်မှုနဲ့ ကြုံခဲ့ရပါတယ်။

January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...
January 15, 2026
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကော်မရှင်တို့ကြား မနေ့က...
January 14, 2026
ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၇ ရွာက တိုက်ပွဲရှောင်ဒေသခံပြည်သူတွေဟာ...