ရခိုင်ရိုးမ နယ်စပ်တစ်ခုလုံးကို AA ထိန်းချုပ်

ရခိုင်ရိုးမ နယ်စပ်တစ်ခုလုံးကို AA ထိန်းချုပ်
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၂၉) ရက် ဂွမြိုအား အပြီးသတ် သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၂၉) ရက် ဂွမြိုအား အပြီးသတ် သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။

ရခိုင်ပြည်နှင့် ပြည်မဒေသများသို့ အဓိကဆက်သွယ်ထားသည့် အမ်း၊ တောင်ကုတ်၊ ဂွ စသည့် ရခိုင်ရိုးမ နယ်စပ်တလျောက်ရှိ စစ်ကောင်စီစခန်းအားလုံးကို အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်က တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အစပ် ရခိုင်ရိုးမတောင်ပေါ်ရှိ စစ်ကောင်စီ၏ တောင်ပုံကြီးစခန်းကို အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

“တောင်ပုံကြီးစခန်းကတော့ AA နဲ့ မဟာမိတ်တပ်တွေလက်ထဲကို ရောက်သွားပြီ။ အဲဒီစခန်းကို ဇန်နဝါရီလ ၇ ရက်ကတည်းက သိမ်းပိုက်ထားတာ။ စကခ (၅) က ထွက်ပြေးနေတဲ့ ဗိုလ်မှူးချုပ် ကောင်းမြတ်ကိုတော့ ရှာမတွေ့တော့ဘူး။ သူက အဲဒီစခန်းကနေ ထပ်ပြီးတော့ ထွက်ပြေးသွားတယ်လို့ သိရတယ်” ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တောင်ပုံကြီး စစ်ကောင်စီစခန်းကို AA နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၁ ရက်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၇ ရက်အကြာတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် အမ်း - မင်းဘူး လမ်းပိုင်းရှိ စစ်ကောင်စီ တောင်စောက်စခန်းကို ဇန်နဝါရီ လ ၆ ရက်က သိမ်းပိုက်နိုင်ခဲ့သည်။

ယင်းနောက် ယခုအခါ တောင်စောက်စခန်းအနီးရှိ စစ်ကောင်စီ ကာကင်းစခန်းများကိုလည်း သိမ်းပိုက်လိုက်ပြီဖြစ်သည်။

အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ၂၀၂၄၊ ဒီဇင်ဘာ ၂၀ ရက်တွင် သိမ်းပိုက်ပြီး အမ်းမြို့နယ်တစ်ခုလုံးကို အလုံးစုံထိန်းချုပ်ခဲ့သည်။

ယင်းနောက်ပိုင်း မကွေးတိုင်းနှင့်ထိစပ်နေသည့် ရခိုင်ရိုးမပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို လိုက်လံရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

၎င်းနည်းအတူ ဇန်နဝါရီလ ၅ ရက်ကလည်း ဂွ - ငသိုင်းချောင်း ဧရာဝတီအစပ်ရှိ ဗေဒါစစ်ဆေးရေးဂိတ်ကို AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သဖြင့် လက်ရှိတွင် ရခိုင်ရိုးမ နယ်စပ်တစ်ခုလုံးကို AA ထိန်းချုပ်ပြီဖြစ်သည်။

AA ၏ ထိုးစစ်မှာ ပြည်မအထိ ထိုးဖောက်ဝင်ရောက်လာနိုင်ပြီး ရခိုင်ပြည်ကို စစ်ကောင်စီ ဝင်မလာနိုင်အောင် တိုက်ပွဲများ ဖြန့်ကျက်ဖော်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုကြသည်။

“AA က ပြည်မထိုးဖောက်ဝင်ရောက်မှာ အသေအချာပဲ။ သူ (AA) က အစီစဉ်ရှိပြီးသား။ ပြည်မဘက်က လူငယ်တွေကို သင်တန်းပေးပြီးတော့ လက်နက်တွေလည်း အပြည့်အစုံတပ်ဆင်ထားပြီးသား။ ဘာဖြစ်လို့ ဒီလိုလုပ်ရလဲဆိုတာကတော့ ဒီဖက်စစ်မျက်နာက ရခိုင်ကို လာပြီးတော့ နောက်ထပ် ဒုက္ခမပေးရအောင် စစ်မျက်နှာကို ဖြန့်ပြီးတော့ ရန်သူက ကိုယ်ဆီကို လာမတိုက်ခင် ကိုယ်က ရန်သူကို ပြန်ပတ်ဝိုင်းတဲ့ ပရိယာယ် ကျင့်သုံးတာဖြစ်တဲ့အတွက် မလွဲမသွေ ရောက်နိုင်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

လက်ရှိတွင် AA က ပလက်ဝအပါအဝင် မြို့နယ် (၁၅) ခုကို အပြီးသတ် သိမ်းပိုက်ထားပြီး စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်များကိုသာ ထိန်းချုပ်ထားနိုင်သည်။

တဖက်မှာလည်း စစ်ကောင်စီက AA ထိန်းချုပ်နယ်မြေများကို လေကြောင်းဖြင့် နေ့စဉ်နှင့်အမျှ လာရောက်တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိသူ ဒေသခံများမှာ တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်။

စစ်ရေးအနေအထားအရ စစ်ကောင်စီသည့် ရခိုင်စစ်မျက်နာပြင်ကို စစ်ကူးထပ်မပို့နိုင်တော့ဘဲ တန်ပြန်ထိုးစစ်ဆင်သည့်အနေဖြင့် လေကြောင်းကို ပိုမိုအသုံးပြုလာနိုင်ကြောင်း လေ့လာသူများက ပြောဆိုကြသည်။

“စစ်ကောင်စီက တန်ပြန်အနေနဲ့ လေကြောင်းနဲ့ ထပ်ပြီးတော့ ဗုံးကြဲလာနိုင်တယ်။ သူတို့ (စစ်ကောင်စီ) ကတော့ ရပ်မှာတော့မဟုတ်ဘူး။ အခုဆိုရင် စစ်ကောင်စီက မြို့နယ်တွေ တစ်မြို့ပြီးတစ်မြို့ ဆုံးရှုံးလာတာရှိတယ်။ အဲဒါတွေကို မကျေနပ်တော့ လေကြောင်းနဲ့ အမြဲတမ်းလိုလို ဒုက္ခပေးနေမှာဘဲလို့ မြင်တယ်” ဟု ၈၈ မျိုးဆက် ရခိုင် ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးက ပြောသည်။

လက်ရှိတွင် တော်လှန်ရေးအင်အားစုတပ်များ ရခိုင်ရိုးမတကြော စစ်ရေးလှုပ်ရှားမှုများရှိနေပြီး ယင်းမှတစ်ဆင့် မကွေး၊ ပဲခူး၊ ဧရာဝတီ စသည့် မြေပြန့်ဒေသများကို စစ်မျက်နှာဖွင့်ရန် ပြင်ဆင်နေသဖြင့် စစ်ကောင်စီ၏ ကပစ စက်ရုံများမှာ စိုးရိမ်စရာဖြစ်လာသည်။

၂ဝ၂၆ ခုနှစ်၊ မတ် ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တစ်နေရာ၌ ပြုလုပ်ခဲ့သည့် ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Thet Traditional Culture
March 25, 2026
နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်သည် ရခိုင်ပြည်ရှိ စုံလင်ကွဲပြားသည့်...
စစ်တွေလေဆိပ်အား ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။
March 24, 2026
အမေရိကန်- အီရန် စစ်ရေး ဂယက်ကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် စက်သုံးဆီအခက်အခဲနှင့် ရင်ဆိုင်နေကြပြီး...
March 23, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသအချို့တွင် ယခုရက်ပိုင်းအတွင်း တစ်သောင်းတန် ငွေ စက္ကူအတုများ...
March 21, 2026
ရခိုင်ပြည်တွင် အဓမ္မပြုကျင့်မှုဖြစ်စဉ်များ များပြားလာနေပြီး ယခုလအတွင်းမှာပင် သက်ငယ်မုဒိမ်းမှု...