ရခိုင်တွင် ဆေးရုံ/ဆေးခန်းများကို ပစ်မှတ်ထားတိုက်ခိုက်နေ၍ ပြည်သူများ စိုးရိမ်မှုမြင့်တက်

ရခိုင်တွင် ဆေးရုံ/ဆေးခန်းများကို ပစ်မှတ်ထားတိုက်ခိုက်နေ၍ ပြည်သူများ စိုးရိမ်မှုမြင့်တက်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်က ဗုံးကြဲမှုကြောင့် ပျက်စီးသွားခဲ့သည့် ကျောက်တော်ဆေးရုံကြီးကို တွေ့ရစဉ်။

ရခိုင်ပြည်အတွင်းရှိ ဆေးရုံ၊ ဆေးပေးခန်းများကို စစ်ကောင်စီက လေကြောင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်လာနေ၍ ဆေးရုံဝန်ထမ်း၊ လူနာနှင့် လူနာစောင့်များအပါအဝင် ဆေးကုသမှုခံယူလိုသူများမှာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုနှင့် ရင်ဆိုင်နေရကြောင်း ပြောဆိုကြသည်။

ဗုံးကြဲမှုနောက်ဆက်တွဲအဖြစ် ဆေးရုံဝန်ထမ်းများနှင့် ဆေးကုသမှုခံယူနေရသည့် လူနာများမှာ  စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကြောင့် အချို့လူနာများမှာ ဆေးရုံ၊ ဆေးခန်း သွားရောက်ပြသရန်ကို စိုးရိမ်ကြောင့်ကြနေကြသည်။

“ဆေးရုံမှာ လူနာစောင့်နေရင်း ဗုံးစ အနားကိုလာစင်တယ်။ လူနာနဲ့ ဘေးလွတ်ရာကို ပြေးပုန်းရတယ်။ တချို့လူနာတွေမှာ ဆေးရုံက မှန်ကွဲစတွေ ထိတာတွေရှိတယ်။ နေမကောင်းလို့ ဆေးကုသခံယူဖို့လာတာမှာ အခုလိုကြုံရတော့ ဆေးရုံကို ထပ်မသွားရဲတော့ဘူး” ဟု ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁၁ ရက်က ကျောက်တော်မြို့ကို လေကြောင်းဗုံးကြဲမှုကြောင့် ကျောက်တော်ဆေးရုံ လူနာဆောင်၊ ပြင်ပလူနာဌာန၊ ဆေးစတိုခန်းနှင့် ဝန်ထမ်းအိမ်ရာတိုက်ခန်းတို့ ပျက်စီးသွားခဲ့ပြီး လူနာအချို့နှင့် ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

အလားတူ ဇန်နဝါရီ ၃ ရက်က မြေပုံမြို့နယ်၊ ကမ်းထောင့်ကြီးမြို့ကို လေကြောင်းဗုံးကြဲမှုကြောင့် ဆေးရုံနှင့် စာသင်ကျောင်း ပျက်စီးသွားခဲ့ပြီး သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။

“အခုက ဆေးရုံတွေမှာ လုပ်နေရတာက စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုက မရှိတော့ဘူး။ ဘယ်နေ့ လာပစ်မလဲဆိုတာ စိုးရိမ်နေရတယ်။ လေယာဉ်သံကြားရင် ကြောက်နေရတယ်။ လူနာတွေနဲ့ဆိုတော့ ပိုဆိုးတာပေါ့” ဟု ရခိုင်က ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ဖက်ဆိုင်ရာနှင့် မသက်ဆိုင်သည့် အရပ်သားနေထိုင်ရာ အဆောက်အဦး၊ ဆေးရုံ၊ ဆေးခန်းများကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေခြင်းမှာ စိတ်ပိုင်းဆိုင်ရာကို ခြိမ်းခြောက်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ရပ်ဖြစ်သည်ဟု ပြောဆိုကြသည်။

“အခုချိန်မှာ စစ်ကောင်စီက ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေဟာ လူသားမဆန်တဲ့၊ အကျင့်စရိုက်မဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်။ လူနာတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေရဲ့ စိတ်လုံခြုံမှုကို ခြိမ်းခြောက်တာဖြစ်ပြီးတော့ ဆေးကုသမှုခံနေရင်း စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် အသက်ဆုံးရှုံးကြရတာဟာ စစ်ရှုံးနေသူ စစ်ကောင်စီရဲ့ ပြည်သူအပေါ် ရန်ငြိုးဖွဲ့ပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်တာပဲဖြစ်တယ်” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

ရခိုင်တွင် တိုက်ပွဲကာလ တစ်နှစ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းပြား၊ မြောက်ဦး၊ သံတွဲ၊ မောင်တော၊ မြေပုံနှင့် ကျောက်တော်တို့မှ ဆေးရုံနှင့်ဆေးပေးခန်း ၁၂ ခုအထိ ပျက်စီးသွားကြောင်း AA က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်က ထုတ်ပြန်ထားသည်။

လက်ရှိတွင်လည်း စစ်ကောင်စီသည် အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် မြို့၊ ရွာများကို လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်လာနေသဖြင့် အရပ်သား သေဆုံးဒဏ်ရာရရှိမှု တိုးလာနေပြီး ဒေသခံများမှာ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုနှင့် နေထိုင်နေကြရသည်။

ရခိုင်ပြည်တွင် ယခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၁၃ ရက်နေ့အထိ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၄၂ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၅ ဦးထက်မနည်း ရှိခဲ့သည်။

Most read this week

February 13, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားရာ ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့အား စစ်ကောင်စီက...
February 12, 2026
အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ထင်းခုတ်ယူမှုကို တားမြစ်လိုက်ပြီးနောက် မီးသွေးဝယ်လိုအား...
February 11, 2026
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီက စတင်ခဲ့သည့် ကျောက်ဖြူတိုက်ပွဲ တစ်နှစ်အတွင်း ကျေးရွာပေါင်း ၁၁ ရွာထက်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်မိသားစုတစ်ခုကို ယခုအတွင်း တွေ့ရစဉ်။
February 10, 2026
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့်...