ရခိုင်မြို့နယ်အချို့တွင် ART ဆေးနှင့် တီဘီဆေးများကို ULA/ AA က အခမဲ့ဖြန့်ဝေပေး

ရခိုင်မြို့နယ်အချို့တွင် ART ဆေးနှင့် တီဘီဆေးများကို ULA/ AA က အခမဲ့ဖြန့်ဝေပေး
AA တပ်ဖွဲ့ဝင်များမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ကို ၂၀၂၄ ခုနှစ်အတွင်း တွေ့ရစဉ်။
AA တပ်ဖွဲ့ဝင်များမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ကို ၂၀၂၄ ခုနှစ်အတွင်း တွေ့ရစဉ်။

ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေများတွင် HIV ပိုးထိန်းဆေးဖြစ်သော ART ဆေးနှင့် တီဘီဆေးများကို သက်ဆိုင်ရာ ULA/AA ကျန်းမာရေးဌာနက ဒေသခံများအား အခမဲ့ ဖြန့်ဝေလျှက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါဆေးများကို ပထမအဖြတ်အနေဖြင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား စသည့်မြို့နယ်တို့မှ HIV လူနာ အယောက် ၂၀၀ စီအတွက် ယနေ့ ဇန်နဝါရီ ၆ ရက်မှစ၍ စတင်ထုတ်ပေးနေပြီဖြစ်သည်။

“HIV ဆေး ART ကို ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအားလုံးကို ဖြန့်ဝေပေးသွားဖို့ရှိပါတယ်။ အခုက ပထမအကြိမ် ထုတ်ပေးတာ။ တီဘီဆေးကိုပါ မြို့နယ်အလိုက် ထုတ်ပေးသွားဖို့ရှိတယ်” ဟု ULA ကျန်းမာရေးဌာနနှင့် နီးစပ်သူတစ်ဦးက DMG ကို ပြောသည်။

ယခင်က ART ဆေးများနှင့် တီဘီဆေးများကို မြို့နယ်ကျန်းမာရေးဌာနမှ အခမဲ့ပေးခဲ့သည့်အပြင် အပြင်ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ခဲ့သော်လည်း စစ်ကောင်စီက လမ်းပိတ်ဆို့ပြီးနောက် ဆေးဝါးများ လုံးဝပြတ်သွားခြင်းဖြစ်သည်။

ထိုအကျိုးဆက်အဖြစ် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျောက်တော်မြို့နယ်မှ တီဘီဝေဒနာရှင် အမျိုးသမီးတစ်ဦးနှင့် HIV လူနာအမျိုးသားတစ်ဦးမှာ ဆေးဝါးပြတ်လပ်ပြီး အသက်သေဆုံးခဲ့ရသည်။

“တီဘီဆေးက ဈေးကြီးတဲ့အပြင် ရှာလို့မရဘူး။ လူနာက ဆေးမသောက်ရတော့ ရောဂါအခြေအနေက ပိုပြင်းလာတယ်။ တီဘီဆိုတာက ကူးစက်ဖို့လွယ်တဲ့ရောဂါဆိုတော့ သူ့အနားကို ကပ်ဖို့တောင် မရဲဘူးဖြစ်လာကြတယ်” ဟု တီဘီဝေဒနာရှင် မိသားစုဝင်တစ်ဦးက ပြောသည်။

အသက်အရွယ်၊ ကျား/မ၊ လူမျိုးမရွေး ကူးစက်နိုင်သော HIV ရောဂါပိုးသည် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း၊ ပိုးရှိသူ၏ သွေး/ အရည်သည် ကိုယ့်သွေးလမ်းကြောင်းထဲသို့ တစ်နည်းနည်းဖြင့် ဝင်ရောက်သွားခြင်း၊ မိခင်နို့တိုက်ရာမှ ကလေးကို ကူးစက်ခြင်း စသော နည်းလမ်းအမျိုးမျိုးဖြင့် ကူးစက်နိုင်သည်။

ကုသမှု သေချာမခံယူပါက ရောဂါပိုးများ ပွားများလာပြီး ကိုယ်ခံအားစနစ်ကျဆင်းကာ HIV နောက်ဆုံးအဆင့် AIDS ခုခံအားကျဆင်းမှုရောဂါအခြေအနေကို ရောက်ရှိပြီး အသက်သေဆုံးရသည်အထိ ဖြစ်ပေါ်နိုင်သည်။

လက်ရှိ HIV ပိုးရှိသူများမှာ ဆေးဝါးပုံမှန်မသောက်ရသည့် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ယခုအခါ ကိုယ်ခံအားကျဆင်းလာခြင်း၊ စိတ်ဓာတ်ကျလွယ်လာခြင်း၊ မှတ်ဉာဏ်ချို့ယွင်းလာခြင်း စသည့် လက္ခဏာများနှင့် ကြုံနေရသည်ဟု လူနာမိသားစုဝင်နှင့် နီးစပ်သူများထံမှ သိရသည်။

“ရွာမှာ အဲဒီရောဂါဖြစ်နေတဲ့ ဦးလေးတစ်ယောက် ဆေးပုံမှန်မသောက်ရဘူး။ အဲဒီလို ဆေးပုံမှန်မသောက်တာကြာလာတော့ စိတ်ရောဂါတွေ ဖြစ်လာတယ်။ သူ့မိန်းမကိုလည်း မမှတ်မိတော့ဘူး။ အခု သူ့ရောဂါက ပိုပြီးဆိုးလာနေတယ်” ဟု ပေါက်တောမြို့နယ်မှ HIV လူနာမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ULA/AA အနေဖြင့် ရခိုင်ဒေသက ၂ နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေး ပုံမှန်ထိုးနှံ့နိုင်အောင် ကြိုးစားဆောင်ရွက်ပေးရန် ဒေသခံများက မျှော်လင့်နေကြသည်။

၂၀၂၃ ခုနှစ် စာရင်းအရ ရခိုင်တွင် HIV/AIDS လူနာ ၂,၀၀၀ ကျော်နှင့် တီဘီရောဂါ သတ်မှတ်လူနာ ၄,၀၀၀ နီးပါးရှိကြောင်း ULA/AA ကျမ်းမာရေးဌာနှင့် နီးစပ်သူများထံမှ သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...