ဖားအံခရိုင်၊ မြို့နယ်အချို့တွင် ပစ္စည်းလုယက်ခံရခြင်းနှင့် ဆိုင်ကယ်အခိုးခံရခြင်း အဖြစ်များလာ

ဖားအံခရိုင်၊ မြို့နယ်အချို့တွင် ပစ္စည်းလုယက်ခံရခြင်းနှင့် ဆိုင်ကယ်အခိုးခံရခြင်း အဖြစ်များလာ

ဖားအံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော လှိုင်းဘွဲ၊ ပိုင်ကျုံ၊ နဘူး၊ ဒုံရင်းနှင့် ထီလုံ စသည့် မြို့နယ်များတွင် ယခုတလော ဒေသခံများ လမ်းသွားလာရင်းဖြင့် ပစ္စည်းလုယက်ခံရခြင်းနှင့် ဆိုင်ကယ်အခိုးခံရခြင်းများ အဖြစ်များလာနေသည်ဟု ဒေသခံများထံမှ သိရသည်။

ယခု ပွင့်လင်းရာသီအရောက်တွင် ထိုမြို့နယ်များရှိ ကျေးရွာတိုင်းလိုလိုတွင် ပစ္စည်းလုယက်ခံရခြင်းနှင့် ဆိုင်ကယ်ပျောက်ဆုံးခြင်းများ အများအပြားဖြစ်ပွားနေပြီး ပစ္စည်းလုယက်သူများနှင့် ဆိုင်ကယ်ခိုးယူသူများသည် တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ အဖွဲ့လိုက် လှုပ်ရှားနေကြသည်ဟု ဖားအံမြို့ပေါ်ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ရွာတွေမှာ အခိုးခံရတာ များနေပြီး၊ တချို့ကျေးနယ်ဆိုရင် အစီး ၂၀ လောက်ရှိနေပြီး၊ သူတို့က အဖွဲ့လိုက် စုပြီးခိုးတာ၊ မော်ဒယ်အမြင့်တွေပဲခိုးတယ်။ သူတို့ကိုင်တဲ့ သူခိုးသော့က 125 ဆိုင်ကယ်တွေဆိုရင် နှစ်ခါလောက်လှည့်လိုက်တာနဲ့ သော့ကြွေပြီးပျက်တာ နေ့ခင်းဘက်တွေ အခိုးခံရတာများတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ လုယက်ခံရသော ပစ္စည်းများနှင့် အခိုးခံရသည့် ဆိုင်ကယ်အများစုမှာ ပြန်လည်မရရှိတော့သလို လုယက်ခိုးယူသူများကိုလည်း ဖမ်းဆီးပေးမည့် အဖွဲ့အစည်းနှင့် ဒေသအတွင်း ဥပဒေစိုးမိုးနိုင်ခြင်း မရှိသည့်အတွက် ခိုးယူမှုများ ပိုမိုများပြားလာသည်ဟု ဒေသခံများက ပြောသည်။

၎င်းဒေသတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ အာဝါဒေး၊ လောင်းကစားဝိုင်းများကို အများအပြား ဖွင့်လှစ်ထားပြီး မူးယစ်ဆေးဝါးသုံးစွဲမှုလည်း ပိုမိုများပြားလာသည့်အတွက် ယခုကဲ့သို့ လုယက်မှုနှင့် ခိုးယူမှုများ ပိုမိုများလာခြင်းဖြစ်သည်ဟု ပိုင်ကျုံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “အခုက  မိန်းကလေး တစ်ယောက်ထဲသွားရင် မလုံခြုံသလိုဖြစ်တယ်။ ရွှေတွေဘာတွေ ဝတ်သွားလို့ အလုခံရတာရှိတယ်၊ အာဝါဒေးဝိုင်းတွေများလာတော့ ညဘက်တွေမှာ သတိထားရတယ်။ အစက ပျောက်တာတို့ အခိုးခံရတာတို့က မကြားဖူးဘူး။ အခုက လောင်းကစားတွေ မူးယစ်ဆေးဝါးတွေကြောင့် အတော်ပျက်စီးနေတယ်” ဟု ပြောသည်။

လုယက်သူများနှင့် ဆိုင်ကယ်ခိုးယူသူအချို့တွင် သံအချွန်၊ ဓားအသေးစားများအပြင် ပစ္စတိုသေနတ်များအထိ ပါလာသဖြင့် အော်ဟစ်အကူအညီတောင်းခံလိုသော်လည်း မိမိလုံခြုံရေးကြောင့် နှုတ်ဆိတ်နေရသည့် အခြေအနေရှိခဲ့သည်ဟု လုယက်ခံခဲ့ရသူများ၏ ဆွေမျိုးများက ပြောသည်။

ဖားအံခရိုင်အတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်းများကို ထိရောက်စွာ အရေးယူမည်ဟု ကရင်အမျိုးသားအစည်းအရုံး - KNU၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် - DKBA၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ - PC နှင့် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် - BGF စသည့် ကရင် လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ကရင့်လက်နက်ကိုင်များ စည်းလုံးညီညွတ်ရေးကော်မတီက ထုတ်ပြန်ထားသော်လည်း ထိရောက်စွာ အရေးယူတားဆီးပိတ်ပင်နိုင်ခြင်းမျိုး မရှိသေးကြောင်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...