လေကြောင်းဗုံးကြဲခံရမှုကြောင့် မြေပုံ၊ ကမ်းထောင်းကြီးတွင် အမျိုးသမီးတစ်ဦး သေဆုံး

လေကြောင်းဗုံးကြဲခံရမှုကြောင့် မြေပုံ၊ ကမ်းထောင်းကြီးတွင် အမျိုးသမီးတစ်ဦး သေဆုံး

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို ယနေ့ ဇန်နဝါရီလ ၃ နေ့တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် ကမ်းထောင်းကြီးမြို့တွင်းသို့ ဂျက်ဖိုက်တာဖြင့် ယနေ့ နံနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်တွင် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကမ်းထောင်းကြီးဆေးရုံနှင့် စာသင်ကျောင်း ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ညဉ့်အချိန်လာပြီး ဗုံးကြဲတာ။ တစ်ကြိမ်နဲ့တစ်ကြိမ် ၁၅ မိနစ်လောက်ခြားပြီး နှစ်ခါလာကြဲတယ်။ ဆေးရုံနဲ့ စာသင်ကျောင်းလည်း ပျက်စီးသွားတယ်။ လူလည်း တစ်ယောက်သေသွားတယ်” ဟု ကမ်းထောင်းကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူမှာ ကမ်းထောင်းကြီးမြို့၊ ရွာသစ်ရပ်ကွက်မှ အသက် ၇၀ နှစ်အရွယ် ဒေါ်မသိန်းဖြစ်ပြီး ပြင်းထန်ဒဏ်ရာများဖြင့် အရေးပေါ်ဆေးကုသမှုခံနေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

မြေပုံဒေသခံ အမျိုးသမီးတစ်ဦးက “စစ်ကောင်စီက ရခိုင်မှာရှိတဲ့ မြို့တွေကို အရပ်သားတွေ အကြောက်တရားဝင်အောင် တမင်ဗုံးကြဲနေတာ။ AA က သိမ်းထားတဲ့ နယ်မြေကို ငါတို့ ဒီလိုလုပ်နိုင်ပါတယ်ဆိုပြီး ခြိမ်းခြောက်နေတာ။ လက်နက်အားကိုးနဲ့ လူ့အခွင့်အရေးချိုးဖောက်ပြီး လူတွေကို သတ်ဖြတ်နေတာဖြစ်တယ်” ဟု ပြောသည်။

မြေပုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူ ၅၃ ဦးအထိရှိခဲ့ကြောင်း DMG ၏ စာရင်းများအရ သိရသည်။

အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်တွင်း မြို့နယ် ၁၇ ခုရှိသည့်အနက် မြို့နယ် ၁၄ ခုကို  သိမ်းပိုက်ထားပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ထားပြီးနောက်ပိုင်းတွင် စစ်ကောင်စီသည် ရခိုင်ဒေသကို ဗုံးကြဲမှုများ ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

ရခိုင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် အရပ်သားနေထိုင်ရာနေရာ၊ ပြည်သူပိုင်အဆောက်အအုံများအား မကြာခဏ ဗုံးကြဲတိုက်ခိုက်လျက်ရှိနေသဖြင့် ဒေသခံများမှာ စိုးရိမ်စိတ်များဖြင့် နေထိုင်နေကြရသည်။

April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...
March 28, 2026
ရခိုင်ဒေသအတွင်း မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့ကို ကျူးလွန်ပါက...