PNO ဖမ်းဆီးသွားသည့် ဆီဆိုင်မြို့နယ် ကျေးရွာသူကြီးတစ်ဦး သတင်းအစအနမရသေး

PNO ဖမ်းဆီးသွားသည့် ဆီဆိုင်မြို့နယ် ကျေးရွာသူကြီးတစ်ဦး သတင်းအစအနမရသေး

သျှမ်းပြည်၊ ဆီဆိုင်မြို့နယ်၊ တွေပူးကျေးရွာမှ ရွာသူကြီးတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က ဖမ်းဆီးသွားခဲ့ရာ ယနေ့အချိန်ထိ ပြန်လွှတ်လာပေးခြင်းမရှိဘဲ သတင်းအစအနမရသေးကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ ၇ ရက်၊ ည ၁၁ နာရီခန့်တွင် စစ်ကောင်စီလက်အောက်ခံ  PNO သည် တွေပူးကျေးရွာ ရွာသူကြီး ဖြားဒုံးကျော်ကို ၎င်း၏နေအိမ်ပေါ်သို့ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် PNLA က ယမန်နေ့ (ဒီဇင်ဘာလ ၈ ရက်နေ့) တွင် သတင်းထုတ်ပြန်သည်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံရသည့် ရွာသူကြီး ဖြားဒုံးကျော်သည် ယနေ့အချိန်ထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားခြင်းမသိရှိရဘဲ  သတင်းအစအနမရသေးကြောင်း PNLA ၏ ပြန်ကြားရေးတာဝန်ခံ ခွန်ရိန်းယံက ပြောသည်။

“စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO က ရွာသူကြီးဖမ်းသွားတာ။ အဲ့ဒါ အခုထိ ဆက်သွယ်လို့မရဘူး။ ပြန်လည်းမလွတ်လာသေးဘူး” ဟု ခွန်ရိန်းယံက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပအိုဝ်းပြည်သူ့စစ် PNO ၏ ဗိုလ်မှူး ခွန်သန်းကြွယ်ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့ရာ “အကြောင်းတစ်ခုခုရှိလို့ ဖမ်းတာထင်တယ်။ အလကားနေ ဒီတိုင်း ဘယ်သူကဖမ်းမှာလဲ။ အဲ့ဘက်လည်း ဖုန်းလိုင်းအဆက်သွယ်မရဘူး” ဟု ပြောသည်။

ထို့အပြင် ရွာသူကြီး ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး ကျေးရွာဒေသခံ ပြည်သူများကလည်း လိုက်လံစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာ ဒေသခံတစ်ဦးက “PNO ကဖမ်းတဲ့ ရွာသားတယောက် ထွက်ပြေးသွားလို့ ရွာသူကြီးကိုဖမ်းတာ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ မေလ ၉ ရက်တွင်လည်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာ ရွာသူကြီး ခွန်ဇာခွန်နှင့် ညီဖြစ်သူ ခွန်ပလွန်ကို တော်လှန်းရေးတပ်ဖွဲ့များကို ထောက်ပံ့သည်ဟုစွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ သျှမ်း-ကရင်နီ နယ်စပ်ဒေသ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ပေးနေပြီး ကျေးရွာများ၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေလျက်ရှိကြောင်း PNLA ဘက်က ပြောသည်။

Most read this week

January 24, 2026
ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများအကြား ပိန်းပိတ်နေသည်။ တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရပေမယ့်...
January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 23, 2026
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့်...
January 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို...