လက်နက်ကြီးကြောင့် သထုံ ရွှေရောင်ပြတွင် ကျောင်းများထဲ၌ စာမသင်ရဲဖြစ်နေ

လက်နက်ကြီးကြောင့် သထုံ ရွှေရောင်ပြတွင် ကျောင်းများထဲ၌ စာမသင်ရဲဖြစ်နေ

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ တပ်မဟာ (၁) သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာများတွင် စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ကျောင်းများထဲ၌ စာမသင်ရဲဖြစ်နေသည်ဟု ကျောင်းဆရာမများက ပြောသည်။

၂၀၂၁ ခုနှစ်မှစ၍ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် - KNLA၊ တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီက ကျေးရွာများဘက်သို့ လက်နက်ကြီး မကြာခဏ ပစ်ခတ်မှုများပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများ တိမ်းရှောင်နေရပြီး စာသင်ကျောင်းအများအပြား ဆက်မဖွင့်နိုင်ဖြစ်ခဲ့သည်။

ထို့ကြောင့် သထုံမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်ထဲရှိ ကျေးရွာအချို့မှ ကလေးများ ပညာဆက်လက်သင်ယူနိုင်ရေးအတွက် လူနေအိမ်နှင့် ဘုန်းကြီးကျောင်းများ၌ ယနေ့အချိန်ထိ ပြောင်းရွှေ့ စာသင်ပေးနေရသည်ဟု ဆရာမတစ်ဦးက ယခုလိုပြောသည်။

“တိုက်ပွဲဖြစ်တာမရှိလဲ လက်နက်ကြီးတွေနဲ့ အဝေးက လိုက်လျောက်ပစ်နေတယ်။ အရင်က ည ၁၀ နာရီနဲ့ ၁၁ နာရီကျမှ ပစ်တာများတယ်။ အခုရက်ပိုင်းက နေခင်းပိုင်းလည်း ပစ်နေတာဘဲ။ အခုချိန် ကလေးတွေ ပညာသင်ယူနိုင်ဖို့က အရမ်းခက်ခဲတယ်။ နေရာတိုင်းလိုလိုမှာဘဲ။  အရင်ကလို ကျောင်းခန်းထဲ အေးအေးဆေးဆေး စာမသင်နိုင်ဘူး။ အိမ်တွေမှာ စာသင်နေရတာ” ဟု ၎င်းကပြောသည်။

လူနေအိမ်တွင် ပြောင်းရွှေ့စာသင်ကြားရာတွင် အတန်းလိုက် အဖွဲ့ခွဲကာ လူနေအိမ်တစ်လုံးလျှင် အဖွဲ့တစ်ဖွဲ့ ခွဲ၍ စာသင်ပေးနေရသည်ဟု အဆိုပါကျောင်းဆရာမက ဆက်ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလက ရွှေရောင်ပြကျေးရွာများထဲတွင် စာသင်ကျောင်း ၃ ကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းဆရာ/ဆရာမများနှင့် ကလေးများ အကြောက်တရားများနှင့်သာ စာသင်နေရသည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်အတွင်း သထုံမြို့နယ်ထဲရှိ ကျေးရွာတစ်ချို့မှာ စစ်ရှောင်နေရသည့်အတွက် စီးပွားရေးကြပ်တည်းလာပြီး ကလေးပညာရေးအတွက် ကျောင်းဆက်မထားနိုင်သူ များလာသည့်အပြင် အခြားဒေသသို့ မိသားစုအလိုက် ပြောင်းရွှေ့အလုပ်လုပ်ကိုင်သူ များလာသည်ဟု ဒေသခံထံမှ သိရသည်။

ရွှေရောင်ပြကျေးရွာအုပ်စုထဲတွင် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီးသလို ဒေသခံများ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရ သေဆုံးသူများလည်းရှိနေပြီး ထိုအထဲတွင် အမျိုးသမီးများ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်သည်ဟု ကေအဲန်ယူ၊ သထုံခရိုင် ထုတ်ပြန်ချက်များအရ သိရသည်။

April 11, 2026
“ကော်သူးလေအစိုးရကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဆိုပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေတယ်။...
Photo: KIC
April 11, 2026
ကော်သူးလေဖက်ရယ်ယူနစ်တည်ဆောက်ရေးတွင် အဓိကကျသော တော်လှန်ရေးကာလ ကော်သူးလေ ပဋိဉာဉ်ကို...
Photo: KNU
April 10, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်အတွင်းရှိ အကျဥ်းထောင်မှ...
April 9, 2026
စစ်ခေါင်းဆောင်မင်းအောင်လှိုင် အစိုးရအသစ်အနေဖြင့်တက်လာအပြီး ကရင်ပြည်နယ်၊ ဖားအံမြို့နယ်...