ဟိုပုံးဒေသခံများကို စစ်သင်တန်း ရက်ပိုင်းပေးပြီး ရှေ့တန်းပို့

ဟိုပုံးဒေသခံများကို စစ်သင်တန်း ရက်ပိုင်းပေးပြီး ရှေ့တန်းပို့

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နှင့် အနီးတဝိုက်ကျေးရွာများမှာ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) သည် ပြည်သူများကို ရက်ပိုင်းမျှသာ စစ်သင်တန်းပေးပြီး ရှေ့တန်းသို့ပို့နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးအပတ်မှစပြီး စစ်ကောင်စီနှင့် PNO တို့သည် ဟိုပုံးမြို့နှင့် အနီးတဝိုက် ကျေးရွာအုပ်စုရှိ ပြည်သူများကို ဖိအားပေးကာ စစ်သင်တန်း (၃) ရက် တက်ခိုင်းပြီး ရှေ့တန်းသို့ ပို့ခဲ့သည်။

ထိုသို့ စစ်သင်တန်း (၃) ရက်ပြီးလျှင် ခန္ဓာကိုယ်ကြံ့ခိုင်သည့် အမျိုးသားများကို ရွေးချယ်ကာ ကျိုင်းတုံဖက်သို့ စစ်သင်တန်း (၃) လတက်ရန်ပို့ဆောင်ပြီး သင်တန်းပြီးလျှင် ရှေ့တန်းသို့ ချက်ချင်းပို့ခံနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“အစပိုင်းကတော့ ဒီတိုင်း ရပ်ရွာကာကွယ်ဖို့ပြောတာပဲ။ ပြီးတော့ လူရွေးပြီး ကျိုင်းတုံကိုပို့လိုက်တယ်။ (၃) လ သင်တန်းတက်ခိုင်းပြီး ရှေ့တန်း ချက်ချင်းပို့တာ။ တစ်ချို့ဆို သူတို့တော်တယ်လို့ သတ်မှတ်ခံရရင် (၃) လ သင်တန်းမပေးတော့ပဲ ရက်ပိုင်းနဲ့ ရှေ့တန်းပို့တာ” ဟု ဟိုပုံးမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်မှုထမ်း အမှတ်စဉ် (၇) အတွက် ကျေးရွာအုပ်စုတစ်ခုလျှင် လူနှစ်ယောက်နှုန်းဖြင့် စုဆောင်းနေပြီး ကြားကာလတွင် အတင်းအဓမ္မ စုဆောင်းခံရသူအပါအဝင် လူဦးရေ စုစုပေါင်း (၄၀၀) နီးပါးမျှ စစ်သားစုဆောင်းခံနေရကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

ထိုကဲ့သို့ ရှေ့တန်းစစ်မြေပြင်သို့ပို့ဆောင်ရန် ရွေးချယ်ခံရသူများမှာ အသက် (၂၃) နှစ်မှ (၅၀) ကြား အမျိုးသားများပါဝင်နေပြီး အများစုမှာ မိသားစုနှင့် အဆက်အသွယ်မရကြဘဲ ကျိုင်းတုံဘက်သို့ ပို့ဆောင်ခံနေရသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ယခုလက်ရှိ ဟိုပုံးမြို့နယ်တွင် စစ်ရေးအရ ငြိမ်သက်နေသော်လည်း သွားလာမှု စစ်ဆေးတင်းကြပ်နေပြီး စားသောက်ကုန်စည်များကို လိုအပ်သည်ထက် ပိုသယ်ခွင့်မရဘဲ တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေကြသည်ဟု မြို့ခံများထံမှ သိရသည်။

February 28, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး...
February 27, 2026
ငွေညှစ် — သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင်တပ်...
February 26, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု...
February 25, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အပါအဝင် မြန်မာနိုင်ငံတွင် အီးစီးကရက် တင်သွင်း၊ရောင်းဝယ်...