KNU နယ်မြေမှာ စစ်တပ်လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးသေဆုံး၊ လူပေါင်း ၃၀၀၀ ကျော် ထွက်ပြေးနေရ

KNU နယ်မြေမှာ စစ်တပ်လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးသေဆုံး၊ လူပေါင်း ၃၀၀၀ ကျော် ထွက်ပြေးနေရ
ဓာတ်ပုံ-KNU
ဓာတ်ပုံ-KNU

ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင်နဲ့ ဒူးပလာယာခရိုင်နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူနှစ်ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုနဲ့ ဒေသတွင်းသတင်းရင်းမြစ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က KNU တောင်ငူခရိုင် ၇မိုင်ရွာနဲ့ ပျားစခန်းရွာထဲကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ၁၂၀ မမ ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းက နေအိမ်သုံးလုံး ထိမှန်ပျက်စီးသွားခဲ့ပြီး အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးလည်း ထိမှန်ဒဏ်ရာရခဲ့ပြီး သေဆုံးသွားတဲ့ အမျိုးသမီးမှာ အရွယ်မရောက်သေးတဲ့ ကလေး ၃ ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

KNU တောင်ငူခရိုင်နယ်မြေထဲမှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီး မကြာခဏ ပစ်ခတ်လျက်ရှိနေပြီး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်မှုတွေ၊ နေအိမ်ထိမှန်ပျက်စီးမှုတွေ ဖြစ်ပေါ်လျက်ရှိနေတာပါ။

ဒါ့အပြင် KNU ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်ထဲမှာလည်း အောက်တိုဘာ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း စစ်ကောင်စီ ခမရ ၂၃၁ လက်အောက်ခံ တပ်သစ်အမြောက်ကုန်းက ရေပူကြီးကျေးရွာထဲ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ဝါးလဲ၊ နောင်တမံ၊ ဝင်းပြကျေးရွာအပြင်ဘက်တွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU ဗဟိုက ဆိုပါတယ်။

ကော့ကရိတ်-ကျုံဒိုး ကားလမ်းပေါ်မှာရှိတဲ့ ရေပူကြီးကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရေပူကြီးရွာ ဒေသခံအမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး နေအိမ်အ ဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ရသလို ရေပူကြီးရွာ ဒေသခံပြည်သူ ၃၇၄၀ ဦး ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ KNU အုပ်ချုပ်နယ်မြေထဲမှာ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် ပြည်သူ့အိုးအိမ်၊ အသက်တွေ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရကာ ထွက်ပြေးတိမ်းရှောင်နေရတာတွေကြောင့် အခက်အခဲများစွာ ကြုံနေရတယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။

June 30, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၆ အထိ...
June 29, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေမျောလုပ်ကွက်တွေ သုံးရက်ဆက်တိုက်...
ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...