ဟုမ္မလင်းမြို့နယ်အတွင်း ကျေးလက်ကျန်းမာရေးဌာနများ ပိတ်ထားမှုတွေကြောင့် ဒေသခံများအခက်အခဲဖြစ်နေ

ဟုမ္မလင်းမြို့နယ်အတွင်း ကျေးလက်ကျန်းမာရေးဌာနများ ပိတ်ထားမှုတွေကြောင့် ဒေသခံများအခက်အခဲဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းက ကျေးလက်ဒေသတွေမှာ ကျန်းမာရေးဆေးပေးခန်း ဖွင့်ထားတာနည်းပါးသွားတာကြောင့် ကျေးလက်နေထိုင်နေသူများအတွက် အခက်အခဲများစွာဖြစ်ပေါ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

“ အခုရွာတွေမှာလေ ဟိုးတုန်းကနဲ့စာရင် ကျန်းမာရေးချူချာလာတာတွေများတယ် ဟိုးတုန်းကသက်ကြီးရွယ်အိုလူနာပိုင်းလောက်ပဲရှိတာ အခုကအစားအသောက်တွေလည်းစုံလာတော့ လူငယ်ပိုင်းတွေလည်းဖြစ်လာကြတယ် အရင်ကနောင်ပိုအောင်ဘက်ပိုင်းမှာ ဆေးရုံဆေးခန်းလေးတွေဖွင့်တယ်လေ အခုနိုင်ငံရေးပိုင်းနဲ့ဆိုတော့ မဖွင့်ဖြစ်တာတွေများလို့ အခုဆိုဟုမ္မလင်းကိုပဲ ပြေးရတာပေါ့’ဟု ဟဲခမ်းကျေးရွာအုပ်စု၊ သဖန်းကုန်းကျေးရွာသားတစ်ဦးက ပြောပြပါတယ်။

ယခင်က နမ့်တောစံပြကျေးရွာမှာ ကျန်းမာရေးဆေးခန်းတစ်ခုဖွင့်လှစ်ထားပေမယ့် ပြီးခဲ့တဲ့နှစ်ပိုင်းမှာ နိုင်ငံရေးအခြေအနေများကြောင့် ပိတ်ထားလျက်ရှိနေတာကြောင့် အနီးတစ်ဝိုက်က ကျေးရွာတွေအားလုံး အခုလို ဟုမ္မလင်းမြို့ကဆေးရုံကိုသာ သွားရောက်ကုသအားထားနေကြရတာလည်း ဖြစ်ပါတယ်။

ဒီလိုသွားရောက်ကြတဲ့အခါမှာလည်း  လမ်းပိုင်းကစစ်ဆေးရေးဂိတ်များ၊ ရေကြီးမှုဖြစ်ပွားပြီးနောက် လမ်းများပျက်စီးထားမှုတွေအပြင် ဟုမ္မလင်းမြို့ကိုရောက်ရှိနိုင်ဖို့ (၂)နာရီခန့်ကြာမြင့်ပြီး အချိန်ကြန့်ကြာမှုတွေကြောင့် လူနာတွေသေဆုံးမှု မကြာခနဖြစ်ပေါ်နေကြောင်း သိရပါတယ်။

မာလုံကျေးရွာမှာ  ကျန်းမာရေးဆေးပေးခန်းတစ်ခု ဖွင့်လှစ်ထားပေမယ့်  ဆေးဝါးနဲ့ ကျန်းမာရေးဝန်ထမ်းမလုံလောက်မှုတွေ ရှိနေတာကြောင့် ဒီဒေသအတွင်းမှာ  နောက်ထပ် ဆေးပေးခန်းတွေဖွင့်လှစ်နိုင်ဖို့အတွက် ကျေးရွာဘုန်းတော်ကြီးများရဲ့ဦးဆောင်မှုနဲ့ ကျေးရွာက ကိုယ်ထူကိုယ်ထဆောက်လုပ်ဖို့ စီစဉ်ထားသလို အစိုးရကိုလည်းတောင်းခံထားတယ်လို့ ဆိုပါတယ်။

“ တကယ်လို့ ကျေးလက်ဆေးပေးခန်းသာရှိမယ်ဆိုရင် ထိခိုက်ရှနာမှုတွေ ကျန်းမာရေးနည်းနည်းပါးပါးချို့ယွင်းတဲ့ဟာတွေကို ဒီမှာအမှီပြုကုသလို့ရတယ် တကယ့်အရေးကြီးပိုင်း အသက်အန္တရာယ်စိုးရိမ်ရတာတွေ၊ခွဲစိတ်ပြီးမှမွေးရမယ့်ကိုယ်ဝန်ဆောင်မိခင်တွေကိုလောက်ကိုသာ ဆေးရုံကိုပို့ပေးရမှာလေ ဆေးပေးခန်းသာရှိလာမယ်ဆိုရင် ရွာအတွက် ဒီကလူတွေအတွက် အများကြီးအထောက်အကူဖြစ်မယ်လို့ မျော်လင့်ထားပါတယ်’ ကျေးရွာအုပ်စု ဥက္ကဌတစ်ဦးက အခုလိုဆိုပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းကို ဆေးဝါးများသယ်ယူရတဲ့အခါ လမ်းပိုင်းတွေမှာ စစ်ဆေးမေးမြန်းမှု တင်းကြပ်တာတင်မက ဆေးဝါးအခွန်ကိုလည်း ဆေးရဲ့တန်ဖိုးထက်ဝက်နီးပါး ပေးဆောင်ကြရတာဖြစ်တယ်လို့  ကျန်းမာရေးဝန်ထမ်းများထံကနေ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ  ကျေးရွာပေါင်း ၃၇၀ ကျော်မှာ  ကျေးလက်ကျန်းမာရေး ၁၄ ခုနဲ့ ကျန်းမာရေးဌာနခွဲ  ၅၇ ခုရှိပေမယ့်လည်း အားလုံးနီးပါးဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ အခက်အခဲမျိုးစုံကြောင့် ပိတ်ထားရတာလည်းဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...