စစ်ကိုင်းတိုင်းမှာ မြို့ပေါ်ရပ်ကွက်တွေမှာသာ သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့

စစ်ကိုင်းတိုင်းမှာ မြို့ပေါ်ရပ်ကွက်တွေမှာသာ သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့

၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုတွေဟာ ယမန်နေ့ (အောက်တိုဘာ ၁၆ )က ပြီးစီးသွားပြီဖြစ်ပေမယ့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ  ဟုမ္မလင်းမြို့နယ်အပါအဝင်  မြို့နယ်အများစုဟာ မြို့ပေါ်ရပ်ကွက်တချို့မှာသာ ကောက်ယူနိုင်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်တွေမှသာ ကောက်ယူဖို့ အဓိက ညွှန်ကြားထားတာဖြစ်ပြီးလုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေကိုတော့ ကောက်ယူဖို့ အုပ်ချုပ်ရေးတွေဆီကို ညွှန်ကြားမှုမျိုးမရှိဘူးလို့သိရပါတယ်။

“ ကျန်တဲ့အပိုင်းတွေတော့မသိတတ်ဘူးပေါ့လေ ကျနော်တို့ဒီဘက်အပိုင်းကြတော့ ညွှန်ကြားလာတာမရှိသေးတော့ မကောက်ကြသေးတာ” လို့ ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်တွေက နေအိမ်တွေ  ၊ စာသင်တိုက်တွေ နဲ့  စစ်ဘေးရှောင်စခန်းတွေမှာသာ ကောက်ယူခဲ့ပြီး မြို့ပြင်နဲ့ မြို့အနီးက ကျေးရွာတွေကို ကောက်ယူခြင်းမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

“ နမ့်တောတွေ နောင်ပိုအောင်တွေမကောက်ဘူးတဲ့ အခုကအဖြစ်လောက်ပဲနေမှာပါ ကောက်တာကလည်း ၊  ကောက်တာက ဟန်ပြပဲနေမှာပါ့၊ နမ့်တောတို့ နောင်ပိုအောင်တို့ ဥရုချောင်းရိုးတစ်လျှောက် မကောက်ဘူးကွာ ဗျူဟာလမ်းရိုးတစ်လျှောက် မကောက်ဘူးကွာ အများကြီးနစ်နာတယ်ပါ့ တကယ်တမ်းကြရင်တော့ လူမျိုးအနေနဲ့တွက်ရင်တော့အဲ့လို့မျိုးမြင်တာပါ့” လို့ ဟုမ္မလင်းမြို့ပေါ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျေးလက်ဒေသတွေမှာ သန်းခေါင်စာရင်းကောက်ယူမှုမရှိတာဟာ လုံခြုံရေးအခက်အခဲနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်လို့ စာရင်းကောက်သူတွေက ဆိုပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း မကောက်လိုက်နိုင်တဲ့ ဒေသတွေကိုတော့ ရက်ထပ်တိုးပြီးကောက်ခံသွားဖို့အစီအစဉ်တစ်ရပ်လည်းရှိနေပြီး အဲ့ဒီထပ်တိုးရက်တွေမှာ ကျေးလက်ဒေသတွေကို ကောက်ယူမယ်လို့ အုပ်ချုပ်ရေးဌာနနဲ့ နီးစပ်သူတွေကပြောဆိုပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းက ဟုမ္မလင်း ၊ ဖောင်းပြင် ၊ ဗန်းမောက် ၊ ကသာ စတဲ့မြို့တွေမှာတော့ မြို့ပေါ်ရပ်ကွက်တွေမှာ ကောက်ယူနိုင်ခဲ့ပေမယ့် အင်းတော် ၊ ပင်လည်ဘူး၊ ကောလင်း  မြို့တွေမှာတော့ ကောက်ယူနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။

၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုတွေထဲမှာ   စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ် ၂၇ မြို့နယ်မှာ  လူအင်အား (၁၀၂၆) ဦးနဲ့  ကောက်ယူမှုတွေကိုပြုလုပ်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...
June 23, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ဥရုမြစ်ရေမြင့်တက်လာမှုကြောင့်...
June 20, 2026
ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ မိုင်းလားတပ်ဖွဲ့ (NDAA)က တိုင်းရင်းသားအဆင့်မြင့်...