လားရှိုးမြို့နယ်မှာ တစ်ရက်တည်းလေကြောင်းနှစ်ကြိမ်တိုက်ခိုက်ခံရ အမျိုးသား ၄ ဦးသေဆုံး

လားရှိုးမြို့နယ်မှာ တစ်ရက်တည်းလေကြောင်းနှစ်ကြိမ်တိုက်ခိုက်ခံရ အမျိုးသား ၄ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ တစ်ရက်တည်းလေကြောင်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရလို့ ဒေသခံအမျိုးသား ၄ ဦး သေဆုံးခဲ့ရတယ်လို့ လားရှိုးမြို့ခံတွေကပြောပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်နဲ့ ညနေပိုင်း ၆ နာရီဝန်းကျင်မှာ လားရှိုးမြို့နယ် အီနိုင်းရွာနဲ့  မြို့ပြင် နားမခေါ်ကားကွင်းအနီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

အီနိုင်းရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝန်းထဲက ခန်းမဆောင်တစ်ခုနဲ့ ဖွင့်နေဆဲ မူကြိုကျောင်းတစ်ခုပျက်ဆီးခဲ့ရပြီး အမျိုးသမီးတစ်ဦးနဲ့ ၄ နှစ် အရွယ် ကလေးငယ် တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦး KNG ကို ပြောပါတယ်။

“အီနိုင်းရွာမှာက ဟိုအရင်ကတည်းက လက်နက်ကိုင်အဖွဲ့တွေအမြဲတမ်းသွားလာလှုပ်ရှားတဲ့ရွာဖြစ်တယ်။ ဒါပေမဲ့ သူတို့လှုပ်ရှားတယ်ဆိုပေမဲ့ ရွာထဲမှာနေတာမဟုတ်ဘူး။ ရွာနီးခြောက်စပ်တွေမှာနေတာဖြစ်တယ်။ ဆိုတော့ အီနိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတယ်ဆိုတဲ့ သတင်းကြောင့်မို့လုပ်လိုက်တာလို့ယူဆ လို့ရတယ် ဒါပေမဲ့ တကယ်တမ်းကျ ပြည်သူလူထုပဲထိသွားတာပေါ့”လို့ ပြောပါတယ်။

အီနိုင်းကျေးရွာဟာ လားရှိုးမြို့နဲ့ ၇ မိုင်လောက်သာကွာဝေးတဲ့ကျေးရွာဖြစ်ပြီး ကချင် နဲ့ တရုတ် လူမျိုးတွေ အများဆုံးနေထိုင်တဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

တစ်ဖက်မှာ ညနေပိုင်း ၆ နာရီဝန်းကျင်မှာ လေကြောင်းထပ်မံတိုက်ခိုက်ခံခဲ့ရတဲ့ လားရှိုးမြို့ပြင်က နားမခေါ် ကားကွင်းအနီးလေကြောင်းတိုက်ခိုက်ခံရမှုမှာတော့ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ယောက်ဒဏ်ရာရခဲ့ တယ်လို့ ဒေသခံတစ်ယောက်ကဆက်ပြောပါတယ်။

“ မနေ့ကညပိုင်းပေါ့ မြို့အထွက်ကားကြီးကွင်းနားလေးမှာ တစ်ခါပြန်ထပ်လာကြဲတော့ အဲ့မှာလည်း အမျိုးသား တစ်ယောက်သေတယ်။ တစ်ယောက်ဒဏ်ရာရတယ်ပေါ့နော်။ မနေ့ကတစ်ရက်တည်းမှာပဲ ၄ ယောက်သေပြီး ၃ ယောက်ဒဏ်ရာရခဲ့တာပေါ့”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိ လေကြောင်းတိုက်ခိုက်မှုတွေအကြား ဒေသခံတွေစိုးရိမ်မှုမြင့်တက်နေပြီး အီနိုင်းကျေးရွာက ဒေသခံတစ်ချို့ကတော့ ဘေးလွှတ်ရာတွေမှာယာယီထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။

လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့ကတော့ စစ်ကောင်စီတပ်ဟာ စစ်ရေးနဲ့လုံးဝမသက်ဆိုင်တဲ့ လူနေ အိမ်၊ စာသင်ကျောင်း၊ ဈေးနဲ့ ဘာသာရေးအဆောက်အဦးတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပြီး လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်တာ ၁၆ ကြိမ်တိတိရှိပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...