မော်လမြိုင်မြို့မှာ ထိုင်းကုန်ပစ္စည်းတွေကိုလိုက်လံစစ်ဆေးဖမ်းဆီးနေ

မော်လမြိုင်မြို့မှာ ထိုင်းကုန်ပစ္စည်းတွေကိုလိုက်လံစစ်ဆေးဖမ်းဆီးနေ

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေဟာ ထိုင်းနိုင်ငံကနေ တင်သွင်းလာတဲ့ အခြေခံစားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဌာနစုံပါဝင်တဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ထိုင်းကုန်ပစ္စည်းတွေကို စစ်ဆေးရေးဂိတ်တွေမှာ ရှောင်တခင်ဖမ်းဆီးတာရှိသလို ပွဲရုံတွေနဲ့ လက်လီရောင်းချတဲ့ဈေးတွေအထိ လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။

ထိုင်းကုန်ပစ္စည်းတွေကို လိုက်လံဖမ်းဆီးနေတာဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့မှာ စစ်ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တရားမဝင်ကုန်သွယ်မှုတွေကို ပြည်တွင်းသိုလှောင်ရုံအပြင် ဈေးကွက်တွေအထိ စစ်ဆေးအရေးယူသွားဖို့ ညွှန်ကြားပြီးနောက် ဖမ်းဆီးမှုတွေ ရှိလာခဲ့တာပါ။

အမည်မဖော်လိုတဲ့ ပွဲရုံလုပ်ငန်းရှင်တစ်ဦးက စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ထိုင်းကုန်ပစ္စည်းတွေကို ပွဲရုံတွေနဲ့ ဂိုဒေါင်တွေမှာပါ ဝင်ရောက်စစ်ဆေးနေပြီး ဖမ်းဆီးတာတွေ ရှိလာတယ်လို့ ပြောပါတယ်။

“အစည်းအဝေးမှာ ဒုချုပ်ပြောထားတယ် ဟုတ်လား။ နယ်စပ်က ဟိုဟာတွေဒီဟာတွေ အကုန်လုံး ဌာနဆိုင်ရာတွေ ပေါင်းစားနေတယ်။ ဘာညာပြောလိုက်တော့ တရားမဝင်ကုန်စည်တိုက်ဖျက်ရေး ဖမ်းဆီးရေးအဖွဲ့တွေက ဖမ်းဆီးရေး ထွက်ရတာပေါ့။ မနေ့ကတော့ ပွဲရုံတွေဝင်စစ်တယ်။ ဂိုဒေါင်တွေစစ်တယ်၊ နောက်ကားတွေဘာတွေ ကားကတော့ဝင်လာတဲ့ ကားတွေရော၊ ကားပေါ်က ပစ္စည်းတွေရော အကုန်ဖမ်းသွားလိုက်တယ်၊ နှစ်စီးကို အကောက်အခွန်က ဝိုက်လိုက်တာပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက တရားမဝင်ကုန်စည်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးသွားတဲ့ ထိုင်းကုန်ပစ္စည်းတွေဟာ ပြည်သူတွေ နေ့စဉ်အသုံးပြုနေတဲ့ စားသုံးဆီအပါအဝင် အခြေခံစား သောက်ကုန် အများဆုံးပါဝင်တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းဈေးနှုန်း အဆမတန်မြင့်တက်နိုင်လာပြီး အခြေခံပြည်သူတွေ စားဝတ်နေရေး ပိုမိုကျပ်တည်းလာနိုင်တယ်လို့ ကုန်သည်တစ်ဦးက ထောက်ပြပါတယ်။

“ပြည်သူတွေ စားဝတ်နေရေး ပိုပြီးတော့ ကျပ်သွားမယ်ဆိုတဲ့ သဘောပေါ့ကွာ။ အကုန်လုံးကို နေ ရာတကာလိုက်ပြီး အသေးစိတ်လုပ်လိုက်ရင်တော့ အကုန်လုံးက ပွင့်ပွင့်လင်းလင်း ပြောလို့ရှိရင် ဒီဟာကြီးကိုပဲ မှီခိုနေရတာ။ အခုလည်း အကုန်လုံးက Without နဲ့ပဲ သွားနေရတာပဲလေ။ တကယ်တန်းကျလို့ရှိရင် တရားဝင်လုပ်တာ ရာခိုင်နှုန်းအရမ်းနည်းတယ်။ မြန်မာပြည်ရဲ့ ထက်ဝက်လောက်က Without ဖြစ်နေတာ။ အဲဒါဆိုရင် ကုန်ဈေးနှုန်းတွေ အရမ်းကိုထိုးတက်သွားမှာပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီက ထိုင်းကုန်ပစ္စည်းတွေကို ဆက်တိုက်ဆိုသလို လိုက်လံဖမ်းဆီးနေတဲ့အတွက် ထိုင်းကုန်ပစ္စည်း တင်သွင်းမှုတွေ ယာယီရပ်နားထားရသလို ဖမ်းဆီးမှုကာလရှည်ကြာလာတာနဲ့အမျှ ကုန်ပစ္စည်း ပြတ်လပ်မှုတွေပါ ဖြစ်ပေါ်လာနိုင်တယ်လို့ ကုန်သည်တွေက ပြောကြပါတယ်။

စစ်ဒုခေါင်းဆောင်က တရားမဝင် ကုန်သွယ်မှုတွေ အဓိက ဖြစ်ပေါ်ရတာဟာ နိုင်ငံရဲ့ နယ်စပ်ဒေသတချို့မှာ လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းဖို့ ကန့်သတ်ချက်ရှိတာ၊ ဥပဒေရေးရာတွေမှာ အား နည်းမှုရှိတာ၊ ဝန်ထမ်းတွေရဲ့ အကျင့်ပျက်မှုတွေကြောင့် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် တရားမဝင် ကုန်သွယ်မှုရှိတဲ့အတွက် ပြည်တွင်းထုတ်လုပ်မှု လုပ်ငန်းလုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်မှုကို ယုတ်လျော့စေတာကြောင့် ပြတ် ပြတ်သားသား တားဆီးကာကွယ်သွားမယ်လို့ ထုတ်ပြောထားပါတယ်။

မွန်ပြည်နယ်အပါအဝင် မြန်မာပြည်တောင်ပိုင်းဒေသမှာတော့ ထိုင်းကုန်ပစ္စည်းတွေဖြစ်တဲ့ အခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေ အပါအဝင် အထွေထွေသုံးကုန်ပစ္စည်းတွေကို အဓိကအားထား အသုံးပြုနေရတာ ဖြစ်ပါတယ်။

March 4, 2026
စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်းထောင်သုံးခုက...
March 2, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာနဲ့ သစ်တိုကျွန်းကျေးရွာလမ်းပိုင်းတို့မှာ...
February 28, 2026
မွန်အမျိုးသမီးတွေအနေနဲ့ မွန်ပြည်နဲ့ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့မှာ နိုးကြားတက်ကြွစွာ...
February 27, 2026
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး အမိန့်နဲ့...