ကံပိုင်တည်မြို့မှာ တစ်အိမ်တစ်ယောက်နှုန်းပြည်သူ့စစ်စုဆောင်းနေ

ကံပိုင်တည်မြို့မှာ တစ်အိမ်တစ်ယောက်နှုန်းပြည်သူ့စစ်စုဆောင်းနေ

ကချင်ပြည်နယ် ကံပိုင်တည်မြို့မှာ ပြည်သူစစ်အဖွဲ့က တပ်သားစုဆောင်းတာတွေ အပူတပြင်းလုပ်နေတယ်လို့ ကံပိုင်တည်ဒေသခံတွေဆီကနေ သိရပါတယ်။

စက်တင်ဘာ၂၉ ရက်နေ့ ကချင်ပြည်နယ် ချီဖွေနဲ့ ဆော့လော်မြို့ကို KIA ပူပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း ကံပိုင်တည်မြို့မှာ တစ်အိမ်တစ်ယောက်နှုန်းမလုပ်မနေရစနစ်နဲ့ တပ်သားသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေနဲ့ နီးစပ်သူအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

“တစ်အိမ်တစ်ယောက်နှုန်းနဲ့ အဖိုးကြီးဖြစ်ဖြစ်အဖွားကြီးဖြစ်ဖြစ် မိန်းမယောက်ကျားမရွေးဘူး အကုန်လုံးကို ဖမ်းထားတယ် မိန်းကလေးတွေကိုရော အများကြီးပေါ်တာဆွဲခံထားရတယ်”လို့ ပြောပါတယ်။

စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဟာ အောက်တိုဘာလ လဆန်းပိုင်းကစပြီး တစ်အိမ်တစ်ယောက်နှုန်းပြည်သူ့စစ်လုပ်ပေးဖို့တောင်းဆိုတာတွေပြုလုပ်ပြီးမှ ရောက်မလာတဲ့အိမ်တွေကို အိမ်တိုင်ရာရောက်ဖမ်းဆီးခေါ်ဆောင်တာတွေလုပ်နေတယ်လို့ သိရပါတယ်။

ဒေသခံတွေကို တစ်အိမ်တစ်ယောက်နှုန်းဖမ်းဆီးတာအပြင် ကံပိုင်တည်မြို့မှာ အနယ်နယ်အရပ်ရပ်က အလုပ်လုပ်ဖို့ရောက်လာတဲ့ အသက် ၁၈ နှစ်နဲ့ ၃၀ ဝန်းကျင် လူငယ်၊လူလတ်ပိုင်းတွေကို နေရာဒေသမရွေးဖမ်းဆီးနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦး ခုလိုပြောပါတယ်။

“လူငယ်တွေ ကုမ္မဏီဝန်ထမ်းတွေရောပါတယ် လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာရောဝင်ဆွဲတယ် ကားမောင်းတဲ့သူတွေကိုတော့ ခေါ်ချင်မှခေါ်တယ်။ ကားတွေတော့ မောင်းတော့ မောင်းနေကြပေမယ့် ကြောက်ကြောက်နဲ့မောင်းနေရတာပေါ့”လို့ ပြောပါတယ်။

လက်ရှိ တပ်သားသစ်ဖမ်းဆီးနေတဲ့အဖွဲ့က  ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ နယ်ခြားစောင့်တပ်လက်အောက်ခံ ဦးဘောမ်လန်းပြည်သူ့စစ်အဖွဲ့လို့သိရပြီး လူမျိုးဘာသာမရွေးဖမ်းဆီးခေါ်ဆောင်တာတွေလုပ်နေတယ်လို့ သိရပါတယ်။

ခုလိုအခြေအနေတွေကြောင့် ကံပိုင်တည်ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုနဲ့နေနေရတဲ့ ရွှေ့ပြောင်းအလုပ်လာရောက်လုပ်ကိုင်သူတွေလည်း အခက်ခဲအမျိုးမျိုးရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။

ကချင်- တရုတ်နယ်စပ်မှာရှိတဲ့ ကန်ပိုင်တည်မြို့ဟာ ဝိုင်းမြို့နယ်ထဲက မြို့နယ်ခွဲတစ်ခုဖြစ်ပြီး ဧရိယာစတုရန်းမိုင်၂၀၈.၅၉ရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး လူဦးရေအနေနဲ့ ၅၄၆၀ ဦးရှိပြီး ခရစ်ယာန်အများစုနေထိုင်တယ်ဒေသဖြစ်တယ်လို့  မြစ်ကြီးနားခရိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၁၉ ဒီဇင်ဘာလမှာ ထုတ်ပြန်ထားတာဘဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကံပိုင်တည်မြို့နဲ့အနီးဆုံးမှာရှိတဲ့ ဆဒုံးမြို့ကို KIA ပူးပေါင်းတပ်က ဇွန်လ ၁၀ ရက်နေ့တိုက်ခိုက်သိမ်းပိုက်ထားပြီး ဝိုင်းမော်- ဆဒုံးမြို့ထိ ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

April 27, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဈေးသည် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့သိရပြီး...
April 25, 2026
ဂျာဘောက်ရာ — ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့မှာ ကိုးကန့်ရဲ့ ရုံးထားရှိမှာဖြစ်ပေမယ့် KIO ရဲ့...
April 24, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်ရဲ့စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်နံဘေး...
April 23, 2026
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ...