KNU သထုံခရိုင်က ကျေးရွာပေါင်း ၄၀၀ နီးပါး စစ်ကောင်စီ သန်းခေါင်စာရင်းမကောက်နိုင်

KNU သထုံခရိုင်က ကျေးရွာပေါင်း ၄၀၀ နီးပါး စစ်ကောင်စီ သန်းခေါင်စာရင်းမကောက်နိုင်

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀ နီးပါးမှာ စစ်ကောင်စီဘက်က သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိဘူးလို့ KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာ ၁ ရက်နေ့ကစလို့ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကို သူတို့စိုးမိုးထိန်းချုပ်ထားတဲ့ဒေသတွေမှာ လုံခြုံရေးအပြည့်နဲ့ လိုက်လံကောက်ယူနေတာပါ။

ဒါပေမယ့် KNU သထုံခရိုင်ထဲမှာတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားမရှိတော့တဲ့အတွက် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ KNU သထုံခရိုင်ရဲ့ ဖွဲ့စည်းမှုအရ မွန်ပြည်နယ်က ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်နဲ့ ကရင်ပြည်နယ်က ဘားအံ မြို့နယ်ရဲ့ နေရာဒေသတချို့ ပါဝင်ပါတယ်။

သန်းခေါင်စာရင်း မကောက်နိုင်တဲ့ ကျေးရွာတွေမှာ ကျိုက်ထိုမြို့နယ်က ရွာပေါင်း ၁၁၀ ရွာ၊ ဘီးလင်းမြို့နယ်မှာ ၈၄ ရွာ၊ ဘားအံမြို့နယ်မှာ ၉၈ ရွာ၊ သထုံမြို့နယ်မှာ ၈၁ ရွာရှိပြီး ပေါင်မြို့နယ်မှာတော့ ကျေးရွာအကုန်လုံးမှာ သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိတဲ့ အခြေအနေမှာ ရှိနေတာပါ။

မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ မြန်မာနိုင်ငံမှာ မြို့နယ် ၁၀၀ နီးပါးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ PDF တွေက စိုးမိုးထိန်းချုပ်ထားပြီး ကျန်တဲ့ မြို့နယ်တစ်ဝက်မှာ အပြန်အလှန်တိုက်ခိုက်မှုတွေ ရှိနေတာပါ။

ဒါပေမယ့် စစ်ကောင်စီကတော့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက် နေ့အထိ ကောက်ယူသွားမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလကုန်မှာ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်သွားမယ်လို့ ကြေညာထားပါတယ်။

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုကို ပြည်သူတွေအနေနဲ့ မပူးပေါင်းကြဖို့နဲ့ တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...