ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ ရေဘေးသင့်ကျေးရွာများ စားနပ်ရိက္ခာသွားရောက်လှူဒါန်းရန် ခက်ခဲ

ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ ရေဘေးသင့်ကျေးရွာများ စားနပ်ရိက္ခာသွားရောက်လှူဒါန်းရန် ခက်ခဲ

သျှမ်-ကရင်နီ နယ်စပ် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ တို့တွင် ရေဘေးသင့်နေသည့်ကျေးရွာများအတွင်း ရေကြီးရေလျှံမှု ဆက်လက်ဖြစ်နေသဖြင့် စားနပ်ရိက္ခာသွားရောက်လှူဒါန်းရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှစ၍ မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ ရှိ ရပ်ကွက်များ၊ဘီလူချောင်း အနီးရှိ ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများအတွင်းသို့ မိုးဗြဲရေကာတာမှ လွှတ်လိုက်သည့် ရေနှင့် မိုးသည်းထန်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများကြုံတွေ့လာရခြင်းဖြစ်သည်။

ထိုကဲ့သို့ဖြစ်ခြင်းကြောင့် ယခင် ကား၊ ဆိုင်ကယ်လမ်းသည် လက်ရှိမှာ စက်လှေများဖြင့်သာ သွားလာနေရသဖြင့် စားနပ်ရိက္ခာသွားရောက်လှူဒါန်းရာတွင် အခက်အခဲ ကြုံတွေ့နေရသည်။

“ အရင်က ကုန်လမ်းတွေဆိုတော့ အခုက ရေတွေတပြင်လုံးလွှမ်းသွားတာ။ စက်လှေနဲ့ပဲသွားလို့ရတယ်။ မနက်ပိုင်းပဲ သွားလှူလို့ရတာ။ နေ့လည်ဆိုရင် လေတိုက်တော့ လှိုင်းထတယ်။ စက်လှေကလည်း အင်းလေးဘက် က သုံးနေတဲ့စက်တွေ မဟုတ်ဘူး။သံထည်ဆိုတော့ ရိက္ခာအများကြီး တင်လို့မရဘူး” ဟု ရေဘေးသင့်သူများကို သွားရောက်ကူညီသူ အမျိုးသားတစ်ဉီး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိ စားနပ်ရိက္ခာများကို သယ်နေသည့် စက်လှေသည် သံထည်ဖြင့် ပြုလုပ်ထားသဖြင့် ရိက္ခာအများကြီး သယ်ယူပါက အန္တရာယ်များ၍ စက်လှေမှောက်နိုင်ကြောင်း ကိုလည်း ၎င်းက ဆိုသည်။

ရေဘေးသင့်သည့် မိုးဗြဲနှင့်ဖယ်ခုံမြို့နယ်များရှိ ကျေးရွာများတွင် မိုးဗြဲရေကာတာမှ လွှတ်ချလိုက်သည့် ရေများနှင့် ယခုရက်ပိုင်း မိုးသည်းထန်ရွာသွန်းမှုကြောင့် တစ်ထပ်တိုက်အိမ်၊ တဲအိမ်မှာ ခေါင်မိုးထိ ရေမြှုပ်ခဲ့ပြီး၊ နှစ်ထပ်အိမ်များသည် အိမ်အောက်ထိ ရေမြှုပ်သည့်အထိ ဖြစ်ပွားကြောင်း သိရသည်။

ထိုရေကြီး၊ရေမြှုပ်မှုကြောင့် ရေဘေးဒုက္ခသည်များအတွက် အဘက်ဘက်မှ အခက်အခဲကြုံနေကြပြီး အဓိကအားဖြင့် သောက်သုံးရေ နှင့် ထမင်း၊ ဟင်းချက်ရန် အတွက် ရေပြဿနာကို စတင်ရင်ဆိုင်နေရသည်။

“ရေဘေးသင့်နေတဲ့ ဖယ်ခုံမြို့နယ်ဘက်မှာ ထမင်းဟင်းချက်ဖို့ ဆိုရင်တောင်တော်တော်ခက်ခဲနေတယ်။သူတို့ ချက်ပြုတ်ဖို့က အခုကြီးနေတဲ့ ရေတွေကိုပဲ သုံးနေရတယ်။ကျနော်တို့ကလည်း သောက်ရေအတွက်ပဲလှူနိုင်တာ။ သွားလှူတာတွေရှိပေမဲ့ လိုအပ်နေတာတွေရှိတယ်။”ဟု ကူညီမှုပြုလုပ်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ရေဘေးသင့်နေသည့် ကျေးရွာအချို့ ဒေသခံများအတွက် သီးသန့် ရေဘေးစခန်းမဖွင့်နိုင်သကဲ့သို့ စစ်ရှောင်စခန်း များလည်း ရေဘေးထပ်မံသင့်နေသဖြင့် ၎င်းတို့ နီးစပ်ရာ ကုန်မြင့်ပိုင်းကျေးရွာသို့သာ ခေတ္တပြောင်းရွှေ့ထား ရကြောင်း သွားရောက်ကူညီသည့် အသက် ၃၀အရွယ်ရှိ အမျိုးသားက ထပ်လောင်းပြောသည်။

မိုးများ ဆက်တိုက်ထပ်မံရွာသွန်းပါက အဆိုပါ ဒေသများအတွက် ပိုပြီး အခက်ကြုံနိုင်ကြောင်း၊ အခြေခံစားသောက် ကုန်ပစ္စည်းများ အပြင် အမိုးအကာနှင့် ကျန်းမာရေးဆေးဝါး အကူအညီများ လိုအပ်နေကြောင်းလည်း ၎င်းက ဆိုသည်။

“အခြေခံ စားနပ်ရိက္ခာတွေ လိုအပ်နေတာပါ မိုးကာတွေနဲ့ပေါ့။ ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းကူညီ ပေးနေတာ မျိုးတော့ မရှိဘူး။ရာသီဉတုတွေလည်း မမှန်တော့ နှာစေချောင်းဆိုးရှိတယ် ကျန်းမာရေး အတွင်ကလည်း ခက်ခဲတယ်။” ၎င်းက ထပ်လောင်းပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးဗြဲ နှင့် နန်းမယ်ခုံကျေးရွာ ကြားရှိ စပါးခင်းများ ရေမြှုပ်နေပြီး ရေအနက် ၁၅ ပေ မှ ပေ ၂၀ ထိ နက်ကြောင်းလည်း ဒေသခံများပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လမှစ၍ မိုးဗြဲမြို့တွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ် (ခမရ ၄၂၂) မိုးဗြဲရေကာတာကို ဆက်လက်ဖွင့်ထားခြင်းကြောင့် ညောင်ဝိုင်းရပ်ကွက်တကြော ဖောင်းတောကျေးရွာ၊ ဘုရားနီ၊ ဘုရားဖြူ စသည့် ဘီလူးချောင်းအနီးရှိ ကျေးရွာများသည် တစ်လကျော်ကြာ ရေကြီး ရေလျှံမှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရာဂီမုန်တိုင်းသင့် ပြည်သူ ၅သိန်းခန့် ကို အရေးပေါ်စားနပ်ရိက္ခာများကို ထောက်ပံ့ ကူညီရန် အတွက် ဆန်၊ အားဖြည့်ဘီစကစ်၊ အာဟာရအထောက်အပံ့ပါဝင်သည့် တစ်လစာ စားနပ်ရိက္ခာကို တိုက်ရိုက် ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း (စက်တင်ဘာလ ၁၈ ရက်)တွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ ထုတ်ပြန်ထားသည်။

March 5, 2026
စိုင်းဆိုင်အိုက် — “ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး...
March 4, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာလျှင် ၃၆၀၀ ကျပ်အထိ ဈေးတက်လာပြီး...
၂၀၂၃ ခုနှစ်တွင် "သျှမ်းလူငယ်များနေ့" အထိမ်းအမှတ်ပြုလုပ်သည့်မြင်ကွင်းပုံ
March 2, 2026
သျှမ်းပြည်အတွင်း စစ်မီးတောက်လောင်နေချိန်တွင် လူထုအပေါ် အကာအကွယ်မပေးနိုင်သည့်...
February 28, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး...