အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို အိန္ဒိယဗဟိုအစိုးရက ဖွင့်မပေးသေးသည့်အတွက် နယ်စပ်နေပြည်သူများ အခက်ကြုံနေကြ

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို အိန္ဒိယဗဟိုအစိုးရက ဖွင့်မပေးသေးသည့်အတွက် နယ်စပ်နေပြည်သူများ အခက်ကြုံနေကြ

အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးကို အိန္ဒိယဗဟိုအစိုးရက ဖွင့်မပေးသေးသည့်အတွက် ယနေ့ချိန်ထိ မြန်မာဘက်က ကုန်ပစ္စည်းများ မီဇိုရမ်ပြည်နယ်ဘက်သို့ သယ်ယူပို့ဆောင်၍မရသေးကြောင်း သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ် ရိ-ဇိုခေါထာရ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတဆင့် မြန်မာဘက်က ကွမ်းသီးခြောက်များ မီဇိုရမ်ပြည်နယ်ဘက်ကို တရားမဝင် ကူးသန်းရောင်းဝယ်မှုရှိသည်ဟုဆိုကာ ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ CBI က သွားရောက်စုံစမ်းမည်ဆိုသော အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့ကတည်းက နယ်စပ်ကုန်သွယ်ရေးကို အိန္ဒိယဘက်က ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ဗဟိုစုံစမ်းစစ်ရေးအဖွဲ့ CBI တာဝန်ရှိသူများ ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက နယ်စပ်ကုန်သွယ်ရေးအခြေစိုက်ရာ ဇိုခေါထာရ်ကျေးရွာနှင့် ကျန်ဖိုင်းမြို့သို့ ကွင်းဆင်းလေ့လာခဲ့ပြီးနောက် ပြန်သွားကြပြီဖြစ်သော်လည်း နယ်စပ်ကုန်သွယ်ရေးမှာ ယနေ့ချိန်ထိ ဆက်လက်ပိတ်ပင်ထားသည့်အတွက် နယ်စပ်နေပြည်သူများ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဇိုခေါထာရ် ကျေးရွာအုပ်ချုပ်ရေးမှူး ပူးလာလ်မွန်ပွီးယာက ပြောဆိုကြောင်း All India Radio News က ဖော်ပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေသတွင်းလွှတ်တော်အမတ် Lt. Col. Lalhmingthanga ထံတင်ပြခဲ့ကြပြီး လွှတ်တော်အမတ်ကလည်း နယ်စပ်ကုန်သွယ်ရေးကို ယခင်ကလို ပြန်လည်ဖွင့်ပေးရန် အကောက်ခွန်ဦးစီးဌာန နှင့်  အာသံရိုင်ဖယ်တပ်ဖွဲ့ထံ တင်ပြတောင်းဆိုပေးခဲ့သော်လည်း လက်မခံခဲ့ကြကြောင်း ဇိုခေါထာရ် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ထိုကဲ့သို့အခြေအနေကြောင့် မြန်မာကုန်ပစ္စည်းများ မီဇိုရမ်ပြည်နယ်ဘက်သို့ အဝင်မရှိတော့သည့်အတွက် ဇိုခေါထာရ် ကျေးရွာနှင့် အနီးတဝိုက်ကကျေးရွာအတော်များများမှာလည်း ကုန်ပစ္စည်းများ ပြတ်လပ်လုနီးပါးဖြစ်နေပြီး ရှိသည့်ပစ္စည်းများကလည်း ဈေးနှုန်းမြင့်တက်နေသည်ဟုသိရသည်။

ထို့အပြင် နယ်စပ်ကုန်သွယ်ရေးကို အမှီပြုပြီး ကုန်တင်ကုန်ချအဖြစ် အသက် မွေးဝမ်းကျောင်းပြုနေကြသော  ဒေသခံ အယောက် ၅၀၀ ဝန်းကျင်မှာလည်း အလုပ်လက်မဲ့ဖြစ်ကုန်ကြ၍ စားဝတ်နေရေးပိုင်းမှာ အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

May 20, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏...
May 18, 2026
ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း...
May 15, 2026
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော ကူကီး...
May 14, 2026
ချင်းအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးက ကလေးငယ်များသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို...