၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်သူ ဖမ်းနေသည့်သတင်းကြောင့် လူငယ်များ မြဝတီတွင်ပိတ်မိနေ

၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်သူ ဖမ်းနေသည့်သတင်းကြောင့် လူငယ်များ မြဝတီတွင်ပိတ်မိနေ

ကရင်ပြည်နယ်၊ ဘားအံမြို့ စစ်ဆေးရေးဂိတ်တွင် ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူများကို ဖမ်းနေသည်သတင်းကြောင့် မြဝတီနှင့် ရွှေကုက္ကိုလ်သို့ရောက်ရှိနေသော သျှမ်းပြည်မှ လူငယ်အများအပြား နေရပ်မပြန်နိုင်ဘဲ ပိတ်မိနေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်တွင်းမှ တိုက်ပွဲများကြောင့် သျှမ်းပြည် မှတ်ပုံတင်ကိုင်ဆောင်သူ ၁၃/ လူငယ်များကို ပြီးခဲ့သည့် (သြဂုတ်လ ၁၈ ရက်) မှ စတင်၍ ကရင်ပြည်နယ် ဘားအံမြို့ စစ်ကောင်စီဂိတ်များတွင် ဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်းသိရသည်။

ထိုသို့ ဖြတ်သန်းခွင့်မပြုသည့်အပြင် ဖမ်းဆီးသည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် နေရပ်မပြန်ရဲသေးကြောင်း တောင်ကြီးမြို့မှ မြဝတီမြို့သို့ရောက်ရှိနေသည့် အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ဘားအံ့မှာဖမ်းနေတာ ရှမ်းပြည်ဘက်က လာလို့၊ သွားလို့ မရဘူးလို့ကြားတယ်၊

ကျနော်တို့ ပြန်ချင်တာတောင် အခု ပြန်လို့မရဘူး လမ်းမှာဖမ်းနေတယ်လို့ကြားတော့ ဖမ်းခံရမှာစိုးရိမ်တယ်” ဟု၎င်းက ပြောသည်။

ထို့အပြင် မြဝတီမြို့၏တဖက်ခြမ်း ထိုင်းနိုင်ငံသို့ သွားလိုသော်လည်း နိုင်ငံကူးလက်မှတ် မရှိသေးသည့်အတွက်လည်း သွားရန်ခက်ခဲနေသေးကြောင်းသိရသည်။

အကယ်၍ ဖြတ်သန်းခွင့် ရပါကလည်း မြဝတီမှတဆင့် တောင်ကြီးသို့ ပြန်ရန်အတွက် ကားခနှင့် ကုန်ကျစားရိတ်များမှာလည်း ကျပ် ၉ သိန်းနီးပါးထိရှိနေကြောင်း တောင်ကြီးမြို့သို့ပြန်လိုသည့် အမျိုးသမီးငယ်တစ်ဦးကပြောသည်။

“ကားခ‌ စုံစမ်းကြည့်တော့တောင်ကြီးအရောက်ကို ၉ သိန်းလောက်တောင်ကုန်မယ်လို့ပြောနေတယ်၊ လမ်းမှာက စစ်တဲ့ဂိတ်တွေက အများကြီးပဲလို့ပြောတယ်၊ ဂိတ်တိုင်းပိုက်ဆံပေးရမယ်တဲ့ အစစ်ဆေးကတော်တော်များတာ၊ ” ဟု ထိုအမျိုးသမီးကပြောသည်။

သျှမ်းပြည် မြောက်ပိုင်းရှိ မြို့နယ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ တိုက်ခိုက်သိမ်းပိုက်ထားနိုင်သည့် နောက်ပိုင်း စစ်ကောင်စီမှ ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေများတွင် ၁၃ မျဉ်းစောင်း နိုင်ငံသားစိစစ်ရေး မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို ပိုမိုတင်းကြပ်လာခြင်းဖြစ်သည်။

အလားတူ တောင်ကြီး-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သံလွင်မြစ်ကူး တာကော်တံတား စစ်ကောင်စီဂိတ်တွင် ပြီးခဲ့သည့် ဇူလိုင်လ မှ စတင်၍ သျှမ်းပြည် မြောက်ပိုင်း စစ်ဘေးရှောင်များ၏ နိုင်ငံသားစီစစ်ရေးကတ်နှင့် လူမျိုးကို အဓိက ထား၍ စစ်ဆေးမှုများ တင်းကြပ်နေကြောင်း သိရသည်။

April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...
March 31, 2026
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့်...
March 30, 2026
ကာချုပ်တာဝန်ကနေ အနားယူလိုက်တဲ့ ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ KIO ဒုဥက္ကဋ္ဌဟောင်း...
March 30, 2026
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၅ နှစ်ကြာ တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး...